ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ကျုံပျော်၊ ဇူလိုင် ၁၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ယမန်နေ့နံနက်ပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်သို့ ရောက်ရှိပြီး ကျုံပျော်မြို့နယ် ပြည်လုံးပေါ်ဘုရားကြီး ကျောင်းတိုက်တွင် အရုဏ်ဆွမ်းကပ်ခြင်း၊ ဝါဆို သင်္ကန်းကပ်ခြင်းများဆောင်ရွက်ပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အထောင်မြို့ပေါ် (၄) ရပ်ကွက် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်စိုး၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီ အဖွဲ့၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီများ၊ ရပ်ကွက်ကျေးရွာအုပ်စုရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့များ၊ ရပ်မိ ရပ်ဖများ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ပါတီဝင် ၃၅ဝ ပါတီသို့ ဝင်ရောက်လာခဲ့သည်။ အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်စိုးက အမှာစကားပြောကြားပြီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာသော ပါတီဝင်သစ်များအား လှိုက်လှဲစွာ ကြိုဆိုကြောင်းနှင့် ပြည်သူတို့၏ လိုအပ်ချက်၊ပြည်သူတို့၏ လိုလားချက်များကို အမှန်တကယ်ဖော်ဆောင် ပေးမည့်ပါတီဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌတို့မှ အမှာစကား ပြောကြားကာ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့များသည် ပါတီဝင်သစ်များအား ရင်ထိုးတံဆိပ်များ ကိုယ်တိုင် တပ်ဆင်ပေးပြီး တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများနှင့် ပါတီဝင်သစ်များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပါတီဗဟိုအတွင်း ရေးမှူးနှင့်အဖွဲ့သည် ကျုံပျော်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိပြီး ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေး ရွာပါတီဥက္ကဋ္ဌများ၊ လူငယ်အဖွဲ့များနှင့်တွေ့ဆုံကာ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ အခက်အခဲများကို အပြန်အလှန်ဆွေးနွေးကာ အခမ်းအနားကို တက်ရောက်လာသူများအား ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက လက်ဆောင်များပေးကာ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ကျုံပျော်)