ကျဆုံး အမေရိကန် စစ်သည်များ၏ အလောင်းများ လွှဲပေးရန် မြောက်ကိုရီးယား သဘောတူ

ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အမေရိကန် စစ်သည်များ၏ ရုပ်အလောင်းများကို လာမည့် သီတင်းပတ်အတွင်း မြောက်ကိုရီးယားက ပြန်လည် လွှဲအပ်ပေးမည်ဟု သိရသည်။

ပန်မွန်ဂျောင် ငြိမ်းချမ်းရေး ကျေးရွာတွင် နှစ်နိုင်ငံ စစ်ဘက် အကြီးအကဲများ ညှိနှိုင်း ဆွေးနွေး သဘောတူခဲ့သည့် အတိုင်း မြောက်ကိုရီးယားက ၎င်းတို့၏ ကတိကို ဖြည့်ဆည်းပေးမည်ဟု ဆိုသည်။ စစ်ပွဲကို ရပ်တန့်စေခဲ့သည့် အပစ်အခတ် ရပ်စဲမှု ၆၅ နှစ် ပြည့်မြောက်သည့် ဇူလိုင် ၂၇ ရက်တွင် ကျဆုံး အမေရိကန် စစ်သည်များ၏ ရုပ်အလောင်းများကို မြောက်ကိုရီးယားက ပြန်လည် လွှဲအပ်ပေးမည်ဟု အမေရိကန် အစိုးရ အရာရှိများက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ရုပ်အလောင်းများ ထည့်ထားသည့် အခေါင်း ၁၀၀ ခန့်ကို နယ်စပ်သို့ ပို့ပေးရန် အစောပိုင်းက ငြင်းဆိုခဲ့သေးသည်။ သို့သော် နှစ်နိုင်ငံ အရာရှိများကြား ဖုန်းဖြင့် ဆက်လက် ညှိနှိုင်းခဲ့သည့်နောက် အမေရိကန် စစ်သည်များ၏ အလောင်းများ ပြန်လွှဲပေးရန် မြောက်ကိုရီးယားက သဘောတူခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ၂ နာရီလောက် ဆွေးနွေးမှုတွေ အပြီးမှာ ဒီကိစ္စ သဘောတူခဲ့ပါတယ်။ ရုပ်အလောင်းတွေကို ဘယ်လို သယ်ဆောင်မယ် ဆိုတာကိုတော့ နည်းလမ်းရှာနေဆဲပါ။ ဇူလိုင် ၂၇ ရက်မှာ ကျဆုံး အမေရိကန် စစ်သည်တွေကို မြောက်ကိုရီးယားက ပြန်လွှဲပေးပါလိမ့်မယ်”ဟု အမေရိကန် သံတမန် အသိုက်အဝန်းမှ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့သည် စင်ကာပူတွင် သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း မကြာသေးမီ ရက်ပိုင်းအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးတွင် တင်းမာမှု အချို့ ပေါ်ပေါက်လာခဲ့သည်။

Ref: ABC