၁၄ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်

ကျိုတို ဇန်နဝါရီ ၁၇

၂၀၁၉ ခုနှစ် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဂျီ-၂၀ စီးပွားရေး ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်များမှ တာဝန်ရှိသူများက ကမ္ဘာ့စီးပွားရေးဆိုင်ရာ ပြဿနာများကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဂျပန်စီးပွားရေးဝန်ကြီး တာရိုအာဆိုက ၂၀၁၉ ခုနှစ် ဂျီ-၂၀ အစည်းအဝေး ကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့စီးပွားရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများ ပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ်ကောင်းများ ထွက်ပေါ်မှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိသည့် ကုန်သွယ်ရေးပဋိပက္ခကို ၁၄ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးတွင် အပြီးသတ် စေ့စပ်ညှိနှိုင်းစေလိုကြောင်း ဂျပန်တာဝန်ရှိသူများက ဆိုသည်။

အစည်းအဝေးတွင် နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် နည်းပညာ ကုမ္ပဏီများအတွက် အခွန်အခ ကောက်ခံမှုနှင့် သက်ကြီးရွယ်အိုများအတွက် စီစဉ်ဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းကောင်းများကို ဦးစားပေး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

၁၄ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ဇွန် ၂၈ နှင့် ၂၉ ရက်တို့တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။   (ကြေးမုံ)