၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဟု ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ထပ်မံဝင် ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း အင်တာဗျူးတစ်ခု၌ ပြောသည်ဟု Mail သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။

သောကြာနေ့က ဗြိတိန်နိုင်ငံတွင် သတင်းစာဆရာပီယာစ်မော်ဂန်နှင့် အင်တာဗျူး၌ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်လားဟု မေးမြန်းစဉ် ဒေါ်နယ်ထရန့်က ‘‘ကျွန်တော် ရွေးကောက်ပွဲဝင်ဖို့ အပြည့်အဝ ရည်ရွယ် ထားပါတယ်။ ပြည်သူတွေအားလုံးကလည်း ကျွန်တော့်ကို လိုလားတယ်လို့ ထင်ပါတယ်’’ဟု ပြောကြားခဲ့သည်။
ထို့အပြင် ရီပက်ဘလေကန် သမ္မတ ဒေါ်နယ်ထရန့်က မည်သည့်ဒီမိုကရက်အဖွဲ့ဝင်ကမျှ မိမိကို ကျော်တက်နိုင်မည် မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာစဉ် ဘုရင်မကြီး အဲလိဇဘတ်နှင့် တွေ့ဆုံမှုတွင် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုအပေါ် မေးမြန်းရာ ထရန့်က ‘‘ကျွန်တော်တို့ ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ဘုရင်မကြီးက ပြောတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေးက အင်မတန် ရှုပ်ထွေးတဲ့ ပြဿနာတစ်ခုဖြစ်တယ်တဲ့။ ဒီပြဿနာက ဘယ်လိုရှုပ်ထွေးတယ်ဆိုတာတော့ ဘယ်သူမှ နားလည် သဘောပေါက်မယ် မထင်ပါဘူး’’ဟု ပြောသည်။

ဇူလိုင် ၁၃ ရက်တွင် ဒေါ်နယ်ထရန့်နှင့် သမ္မတကတော် မီလန်နီ ယာထရန့်တို့သည် ဝင်ဆာရဲတိုက် ၌ ဘုရင်မကြီး အဲလိဇဘတ်နှင့် သွားရောက်တွေ့ဆုံ၍ လက်ဖက်ရည်သောက် စကားပြောကြားခဲ့သည်။

 အသက် (၉၂)နှစ်အရွယ် ဘုရင်မကြီးသည် ထက်မြက်လှပသော ဩဇာကြီးမားသည့် အမျိုးသမီးဖြစ်ကြောင်း ထရန့်က ချီးမွမ်း ပြောကြားသည်။

ထို့အပြင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ‘‘ကင်ဂျုံအန်က စမတ်ကျတဲ့ ကိုယ်ရည် ကိုယ်သွေးထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်။ ပြီးတော့ ညှိနှိုင်းဆွေးနွေးသူကောင်း တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်’’ ဟု ဒေါ်နယ်ထရန့်က ပြန်လည် ဖြေကြားသည်။

—Ref: Reuters