နိုင်ငံအတွင်း ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့်အတွက် ပြည်ပခရီးစဉ်များကို ဂျပန်ဝန်ကြီးချုပ် ဖျက်သိမ်း

နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားကာ လူပေါင်းများစွာ သေဆုံး နေသည့်အတွက် ယခုရက်သတ္တပတ်နှင့်လာမည့်ရက်သတ္တပတ် အတွင်းသွားရန် စီစဉ်ထားသည့် ပြည်ပခရီး စဉ်များကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖျက်သိမ်းလိုက်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟိုက်ဆူဂါက ဇူလိုင် ၉ ရက်တွင် ပြောသည်။

ရှင်ဇိုအာဘေးသည် ဇူလိုင် ၁၁ ရက်မှ ၁၈ ရက်အတွင်း ဘယ်ဂျီယံ၊ ပြင်သစ်၊ ဆော် ဒီအာရေဗျနှင့် အီဂျစ်သို့ သွားရန်စီစဉ်ထားခြင်းဖြစ်သော်လည်း နိုင်ငံအတွင်းကျရောက်နေသည့် သဘာဝဘေးအန္တရာယ်ကို အပြည့် အ၀ ကိုယ်တွယ် ဖြေရှင်းနိုင်ရေးအတွက် ထို ခရီးစဉ်များကို ဖျက်သိမ်းခြင်းဖြစ်ကြောင်း ယိုရှီဟိုက်ဆူဂါက သတင်းစာ ရှင်းလင်းပွဲတစ်ခု တွင်ပြောသည်။

ထို့ကြောင့် ဇူလိုင် ၁၁ ရက်တွင် ဘရပ်ဆဲမြို့၌ ပြုလုပ်ရန်စီစဉ်ထားသည့် ဥရောပသမဂ္ဂ-ဂျပန် ထိပ်သီး ဆွေးနွေးပွဲကိုလည်း ဖျက်သိမ်းလိုက်ရသည်။ သို့သော် ရှင်ဇိုအာဘေး နှင့် လာမည့် ရက်သတ္တပတ်တွင် တွေ့ဆုံဆွေး နွေးရန်အသင့်ရှိကြောင်း ဥရောပသမဂ္ဂ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက်က ပြောသည်။

ဇူလိုင် ၉ ရက်အစောပိုင်းတွင် ဂျပန် သတင်းဌာနများ၏ ဖော်ပြချက်အရ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေ မှာ ၁၁၂ ဦးအထိ ရောက်ရှိလာပြီး ၇၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအလယ်ပိုင်းနှင့် အနောက် တောင်ပိုင်းတို့၌ ဇူလိုင် ၅ ရက်မှစ၍ မိုးသည်း ထန်စွာရွာသွန်းခြင်းဖြစ်ပြီး ဇူလိုင် ၈ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ မိုးရေချိန်များမှာ လစဉ်ပျမ်းမျှမိုးရေချိန်များထက် နှစ်ဆမှသုံးဆ ပိုမို များပြားနေသည်။

 

MWD