ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်ရန် အာစင်ဝင်းဂါး အလားအလာအရှိဆုံးဟု လောင်းကစားကုမ္ပဏီများ သတ်မှတ်

အာစင်ဝင်းဂါးက ရေပန်အစားဆုံး နည်းပြဖြစ်ပါတယ်။

ရုတ်တရက် နုတ်ထွက်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းနေရာမှာ အစားထိုးဖို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ဖြစ်နိုင်ချေအရှိဆုံး နည်းပြဖြစ်တယ်လို့ လောင်းကစားကုမ္ပဏီတွေက ခန့်မှန်းထားပါတယ်။

အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ နည်းပြဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာ နည်းပြဇီဒန်းက ကြေညာခဲ့တာဖြစ်ပြီး ဥရောပဘောလုံး လောကကို အံ့အားသင့်စေခဲ့တာပါ။ ဇီဒန်းနေရာမှာ အစားထိုးမယ့်နည်းပြလောင်းလျာ တွေထဲမှာ အာဆင်နယ် အသင်းနဲ့ မကြာသေးခင်ကမှ လမ်းခွဲထားတဲ့ အာစင်ဝင်းဂါးအပြင် ချယ်လ်ဆီးနည်းပြ ကွန်တီလည်း ပါဝင်လျက် ရှိပါတယ်။

ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်တိုက်ရယူပြီး သမိုင်းသစ်ရေးထိုးခဲ့တဲ့ နည်းပြဇီဒန်းထွက်ခွာမှုကြောင့် ဒီကနေ့ဟာ အသင်းအတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့ ဖြစ်တယ်လို့လည်း ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်က ပြောပါတယ်။ ဗြိတိန်အခြေစိုက် လောင်းကစားကုမ္ပဏီအချို့ကတော့ ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာဖို့ ပြင်သစ်လူမျိုး နည်းပြ အာစင်ဝင်းဂါးကို ၃ လေး ၁ လေး သတ်မှတ်ထားပါတယ်။ ချယ်လ်ဆီးနည်းပြ ကွန်တီက ၄ လေး ၁ လေး သတ်မှတ်ခံရပြီး အာစင်ဝင်းဂါးရဲ့ နောက်မှာ ရှိနေပါတယ်။

စပါးအသင်းမှာ ကြီးမားတဲ့ဖလားအောင်မြင်မှု မရသေးပေမယ့် တည်ငြိမ်တိုးတက်အောင် စွမ်းဆောင်ထားနိုင်တဲ့ နည်းပြ ပိုချက်တီနိုကလည်း ရီးရဲလ်အသင်းမှာ နည်းပြဖြစ်နိုင်ချေရှိသူအဖြစ် လောင်းကစားကုမ္ပဏီတွေက သတ်မှတ်ထားကြတာပါ။

Source: Duwun