ဘဏ်လိမ်လည်မှုနှင့် ပတ်သက်၍ ဘီလျံနာသူဌေး၏ နေအိမ်ကို အိန္ဒိယ တာဝန်ရှိသူများက စီးနင်း

အိန္ဒိယအာဏာပိုင်များသည် နိုင်ငံ၏ဒုတိယအကြီးဆုံး ဘဏ်လိမ်လည်မှုနှင့် ပတ်သက်၍ မွမ်ဘိုင်းမြို့ရှိ စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဘီလျံနာသူဌေး နီရတ်မိုဒီ၏ နေအိမ်ကို စီးနင်းကာ တန်ဖိုးကြီး လက်ဝတ်ရတနာ များ၊ နာရီများနှင့် အဖိုးတန်ပန်းချီကားများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့နှင့် ဗဟိုစုံစမ်း စစ်ဆေးရေး ဗျူရိုသည် အစောပိုင်းတွင်လည်း မိုဒီ၏နေအိမ်နှင့် လုပ်ငန်းများကို စီးနင်းမှုများ လုပ်ဆောင်၍ တန်ဖိုးကြီး လက်ဝတ်ရတနာများ၊ ဇိမ်ခံကားများနှင့် တန်ဖိုးကြီးနာရီများကို သိမ်းဆည်းပြီး မိုဒီပိုင်ဆိုင်သော လက်ဝတ် ရတနာဆိုင်များကို ချိတ်ပိတ် လိုက်ကြောင်း သိရသည်။

၎င်းအနေဖြင့် အိန္ဒိယ၏ ဒုတိယ အကြီးဆုံး ဘဏ်ဖြစ်သော ပန်ဂျပ်အမျိုးသားဘဏ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ လိမ်လည်ခဲ့သော်လည်း ဘဏ်တွင် အမေရိကန်ဒေါ်လာ ၇၇၅ သန်း သာ အကြွေးတင်ကြောင်း ယင်းဘဏ်သို့ ပေးပို့ထားသည့်စာတွင် မိုဒီက ပြောထားသည်ဟု သိရသည်။

အိန္ဒိယစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အဆိုပါလိမ်လည်မှုနှင့် ပတ်သက်၍ ယခုအထိ လူ၂ဝ နီးပါးကိုဖမ်းဆီး ထားသော်လည်း မိုဒီနှင့် ၎င်း၏ ဦးလေး မီဟယ်ချော့စီကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး၏ နိုင်ငံကူး လက်မှတ်များကို အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက သိမ်းယူပြီးနောက် ရက်များစွာ အကြာတွင် ၎င်းတို့ကို ရှာဖွေရန် စုံစမ်းစစ်ဆေးရေး အဖွဲ့က နိုင်ငံတကာ ရဲတပ်ဖွဲ့ကို တောင်းဆိုထားကြောင်း သိရသည်။

မိုဒီနှင့် ချော့စီတို့သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖြစ်ပွားသည့် အဆိုပါဘဏ် လိမ်လည်မှု မတိုင်မီ နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့သည်ဟု ယူဆရကြောင်း သိရသည်။ မိုဒီသည် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး အဖြစ် ဒါဗာအိုမြို့ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီးနောက် ၎င်းကို နယူးယောက်မြို့၌ နောက်ဆုံး တွေ့မြင်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ