ကိုရီးယားနှစ်နိုင်ငံ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို ကြာသပတေးနေ့တွင် ကျင်းပရန် သဘောတူ

ဆိုးလ် မတ် ၂၅

တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားနှင့် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ကြာသပတေးနေ့တွင် ကျင်းပရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။ တောင်နှင့်မြောက် ကိုရီးယားနှစ် နိုင်ငံထိပ်သီး အစည်းအဝေးပွဲ ကျင်းပရန် စီစဉ်ထားမှုအသေးစိတ်ကို ဝန်ကြီးများအဆင့် တွေ့ဆုံပွဲတွင် ဆွေးနွေးသွားကြမည် ဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံတို့သည် နှစ်နိုင်ငံ ခေါင်းဆောင်များအစည်းအဝေးတစ်ရပ်ကို ဧပြီလနှောင်းပိုင်းတွင် တောင်ကိုရီးယားဘက် အခြမ်းရှိ ပန်မန်ဂျွန် အပစ်အခတ်ရပ်စဲရေးကျေးရွာ၌ ကျင်းပ သွားကြရန် သဘော တူညီထားခဲ့သည်။
ယင်းထိပ်သီး စည်းဝေးပွဲသည် နှစ်ပေါင်း ၁ဝ နှစ်ကျော်အတွင်း ပထမဆုံးသော ထိပ်သီးအစည်းအဝေး ဖြစ်လာမည်ဖြစ်သည်။ တောင်ကိုရီးယားပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာနက စနေနေ့ က ကြေညာခဲ့ရာတွင် မြောက်ကိုရီးယားသည် ထိပ်သီးအစည်းအဝေးကျင်းပမည့် နေ့ရက်နှင့်အစီအစဉ်ကို ဆွေးနွေးသွားရန် ကြာသပတေးနေ့တွင် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကျင်းပရန် ကမ်းလှမ်းချက်ကို သဘောတူလက်ခံခဲ့သည်ဟု ဆိုသည်။
တောင်ကိုရီးယားကိုယ်စားလှယ် အဖွဲ့ကို ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂျွန်းက ဦးဆောင်မည် ဖြစ်သည် ဟု သိရသည်။ ၄င်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူဖြစ်သည်။
မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ကိုရီးယားငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရေးကော်မတီ အကြီးအကဲ ရီဆန်ဂွန်က ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

အင်န်အိတ်ခ်ျကေ