ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ဝေါမြို့၌ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ တက်ရောက်

ဝေါ မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်၌ ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆာင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်းနှင့် ပဲခူးတိုင်းဒေသကြီးကော်မတီဝင် ဒေါ်ခင်ခင်ဝင်း၊ ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ကော်မတီဝင် ဦးဝင်းခိုင်နှင့် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့် အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ် ကော်မတီဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသားသင်တန်းသူ ၅ဝ တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်းက နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲတွင် နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ယုက သင်တန်းဆင်းအမှာ စကားပြောကြားသည်။

ထို့နောက် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁) ကို မိမိတို့၏ပါတီဝင်များအား နိုင်ငံတကာဆက်ဆံရေး၊ လူထုဟောပြောစည်းရုံးရေး၊ ပါတီသမိုင်း၊ မူဝါဒလမ်းစဉ်၊ Door to Door ၊ ပါတီဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှုပညာ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်တို့နှင့် ဒေသအခြေပြု လက်တွေ့ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဘာသာရပ် များကို ယခုလ ၂၁ ရက်မှ ၂၃ ရက်အထိ သင်ကြားပို့ချပေးသော သင်တန်းဆရာများနှင့် မြို့နယ်ပါတီဝင်များ၊ ကျေးရွာစည်းရုံးရေးမှူး၊ သင်တန်းသားတို့အား ဗဟိုကော်မတီဝင်မှ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း