မြောက်ကိုရီးယား၏ အကြီးကျယ်ဆုံး စစ်ရေးပြ အခမ်းအနား ကျင်းပ

မြောက်ကိုရီးယား၏ အကြီးကျယ်ဆုံး စစ်ရေးပြအခမ်းအနားကြီးကို ဖေဖော်ဝါရီ ၈ ရက်က ပြုံယမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယား စစ်တပ်ကို ယနေ့ခေတ် စနစ်သစ်ပုံစံဖြင့် စတင်ဖွဲ့စည်းမှု နှစ်ပေါင်း ၇၀ ပြည့်မြောက်သည့် နေ့တွင် အဆိုပါ စစ်ရေးပြ အခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် တက်ရောက်ခဲ့သည်။

တောင်ကိုရီးယားတွင် ကျင်းပနေသည့် ဖြောင်ချန်း အိုလံပစ် မတိုင်မီ တစ်ရက်အလိုတွင် စစ်ရေးပြပွဲကို ပြုလုပ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း မြောက်ကိုရီးယားက ကြိုတင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် မြောက်ကိုရီးယား၏ အခမ်းနားဆုံး စစ်ရေးပြပွဲ အစီအစဉ်ကို နှစ်စဉ်နှစ်တိုင်း ဧပြီလ ၂၅ ရက်တွင်သာ ပြုလုပ်လေ့ ရှိသည်။ ယင်းနေ့သည် မြောက်ကိုရီးယား စစ်တပ်ကို စနစ်ဟောင်းဖြင့် ပထမဆုံး စတင်ဖွဲ့စည်းသည့် နှစ်ပတ်လည် ကာလလည်း ဖြစ်သည်။

ပြုံယမ်းတွင် ကျင်းပသည့် စစ်ရေးပြ အခမ်းအနား၌ ခေါင်းဆောင်ကြီး ကင်မ်သည် ဇနီးဖြစ်သူ ရီဆိုလ်ဂျူနှင့်အတူ တပ်ဖွဲ့ဝင်များကိုလည်း လိုက်လံ စစ်ဆေးခဲ့သည်။ ယခုစစ်ရေးပြပွဲတွင် မြောက်ကိုရီးယား၏ နောက်ဆုံးပေါ် တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစား လေးခုကိုလည်း ထည့်သွင်း ပြသခဲ့သလို စစ်သည် ထောင်သောင်းချီ အသုံးပြုခဲ့သည်။

ထိုအတောအတွင်း ကင်မ်၏ ညီမဖြစ်သူ ကင်မ်ယိုဂျောင်နှင့် အမျိုးသား ညီလာခံ၏ ပါတီယူနစ် အကြီးအကဲ ကင်မ်ယောင်နမ်တို့ ဦးဆောင်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့သည် ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲ တက်ရောက်ရန်အတွက် တောင်ကိုရီးယားသို့ ရောက်ရှိနေသည်။ ကင်မ်ယိုဂျောင်သည် မြောက်ကိုရီးယား မင်းဆက်ဟု တင်စားခံရသည့် ကင်မ်မျိုးနွယ်များအနက် တောင်ကိုရီးယားသို့ ပထမဆုံး ခြေချသူလည်း ဖြစ်လာခဲ့သည်။

အဖွဲ့ဝင် ၂၂ ဦး ပါဝင်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကို တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရန် စီစဉ်ထားပြီး ကင်မ်ယိုဂျောင်က မြောက်ကိုရီးယားသို့ အလည်အပတ် ခရီးစဉ် လာရောက်ရန် မွန်းကို ဖိတ်ကြားဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ 

Ref: Citizen