ဒဂုံ(အရှေ့)ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်း

ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးနယ်မြေအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အဖွဲ့ခေါင်းဆောင်များ၊ အမာခံပါတီဝင်များအတွက်ဖွင့်လှစ်သည့် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) သင်တန်းဆင်းပွဲကို ယခုလ ၁၇ ရက် ညနေ ၄ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး သင်တန်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်း ဒေသကြီး တိုင်းပါတီကော်မတီဝင် ဦးတင်အောင်၊ တိုင်းပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဒေါက်တာ ကျော်စိုး၊ ရန်ကုန် (အရှေ့ပိုင်း) ခရိုင်ပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးမျိုးဝင်းကျော်၊ ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်မြို့မိမြို့ဖ ဦးအောင်ဆန်းလင်းနှင့် ရပ်ကွက်နှင့်ကျေးရွာများမှ အဖွဲ့ခေါင်း ဆောင်နှင့် ကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားအစီအစဉ် အရ ပါတီဗဟိုကော်မတီဝင် ဦးတင်အောင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်တော် မြို့မိမြို့ဖ ဦးအောင်ဆန်းလင်းက သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုအမှာ စကားပြောကြားသည်။ ထို့နောက် သင်တန်းအမှတ်စဉ် (၁) အတွက် မြို့မိမြို့ဖ ဦးအောင်ဆန်းလင်းက အလှူငွေကျပ်တစ်သိန်းနှင့် အမှတ် (၃) ရပ်ကွက် ပါတီဝင် ဦးစောမင်းဇော်မိသားစုက အလှူငွေကျပ် ၅ဝဝဝဝ ကို ပေးအပ်လှူဒါန်းကြရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က လက်ခံရယူသည်။

ဆက်လက်၍ သင်တန်းကာလအတွင်း လျှပ်တစ်ပြက်တစ်နေ့တာ အချိန်အတောအတွင်း ပါတီဝင်ကြေးနှင့် အတူ ပါတီဝင်အသစ် ကိုးဦးကို စည်းရုံးနိုင်၍ အကောင်းဆုံးစည်းရုံးရေးဆု ရရှိသည့်အမှတ် (၁၂၅) ရပ်ကွက်မှ သင်တန်းသား အမှတ် ၂၆၊ ဦးခင်မောင်ထွေးအား တိုင်းပါတီကော်မတီဝင် ဒေါက်တာကျော်စိုးက ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ပါတီဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဒေါက်တာ ကျော်စိုး၊ ဧည့်သည်တော်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် သင်တန်းသား/သင်တန်းသူ ၆ဝ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ညနေ ၅ နာရီအချိန်တွင် အောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။ စိုးမိုး(ဒဂုံ-အရှေ့)