သမ္မတ ထရမ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ မတက်ဘဲ ဖိလစ်ပိုင်မှ ထွက်ခွာ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မပါဘဲ ကျင်းပခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆွေးနွေးပွဲအစီအစဉ် ကြန့်ကြာနေတာကြောင့် ဆွေးနွေးပွဲမတက်ရောက်ဘဲ ဖိလစ်ပိုင်နိုင်ငံကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေ ပါဝင်တဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာ ဆန်သာ တက်ရောက်ခဲ့တာပါ။

သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ သူပြင်ဆင်ရေးသားထားတဲ့ မှတ်ချက်မိန့်ခွန်းကို တခြားခေါင်းဆောင်တွေနဲ့ နေ့လယ်စာစားတုန်းမှာ ပြောကြားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံက ခေါင်းဆောင်တွေဟာ လူ့အခွင့်အရေးကိစ္စကို ရှောင်ကွင်းဆွေးနွေးခဲ့ကြတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

(DVB)