အားကောင်းပြီး အမှီအခိုကင်းသည့် အရှေ့တောင်အာရှဒေသဖြစ်ရန် ထရမ့် တိုက်တွန်း

အမေရိကန်-အာဆီယံ အစည်းအဝေးမှာ သမ္မတ ထရမ့်က အားကောင်းပြီး အမှီအခိုကင်းတဲ့ အရှေ့တောင် အာရှ ဒေသဖြစ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အရှေ့တောင်အာရှ ၁၀ နိုင်ငံ ခေါင်းဆောင်တွေ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ နိုဝင်ဘာ ၁၃ ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။

သမ္မတ ထရမ့်က “ငြိမ်းချမ်းခြင်းနဲ့ လုံခြုံခြင်းကို တိုးမြှင့်လုပ်ဆောင်ဖို့ စစ်မှန်လွတ်လပ်တဲ့ အင်ဒို -ပစိဖိတ် ဒေသဖြစ်ဖို့ ကျနော်တို့ဟာ ခင်ဗျားတို့နဲ့အတူ လက်တွဲဆောင်ရွက်သွားမှာပါ။ ဒီဒေသဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေဖြစ်ကြပြီး အားလုံးတိုးတက်ကြီးပွားလိုကြပါတယ်။ ဒီနှစ်ဟာ အမေရိကန်နိုင်ငံနဲ့ အာဆီယံ အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု အနှစ် ၄၀ ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ ဒီအတွက် ဒေသတွင်းမှာရှိတဲ့ ကျနော်တို့ ရဲ့ မိတ်ဘက် နိုင်ငံအားလုံးကို အားကောင်းစေချင်တယ်။ အမှီအခိုကင်းပြီး ကြွယ်ဝချမ်းသာစေချင်ပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ မျှော်မှန်းချက်နောက်ကွယ်က  မူတွေဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို မလာရောက်ခင်က သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့အနေနဲ့ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပိုင်နက်အငြင်းပွားမှုကို ကြားဝင်ဖျန်ဖြေဖို့ အဆင်သင့်ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။   

(DVB)