ဩစေၾတးလ် တိုက်လေယာဉ်နှင့် တိုက်ရေယာဉ်ဆိုင်ရာ အချက်အလက်များ ဆိုက်ဘာနည်းဖြင့် ခိုးယူခံရ

 

ဩစတြေးလျ စစ်တပ်၏ တိုက်လေယာဉ်များ၊ တိုက်ရေယာဉ်များနှင့် ပတ်သက်၍ အရေးကြီးသည့် အချက်အလက်များကို ဆိုက်ဘာ ရာဇဝတ် နည်းလမ်းဖြင့် ခိုးယူခြင်း ခံခဲ့ရကြောင်း သိရသည်။

30GBမျှရှိသည့် ကွန်ပျူတာ အချက်အလက်များကို ဟက်ကာတစ်ဦးက ဖောက်ထွင်း ခိုးယူသွားခြင်းဖြစ်ပြီး အဆိုပါ အချက်များထဲတွင် စစ်တပ်၏ တိုက်လေယာဉ် အသစ်များ၊ ရေယာဉ်များနှင့် ပတ်သက်သည့် အသေးစိတ် မှတ်တမ်းမှတ်ရာများပါ ပါရှိသွားခဲ့သည်။

ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနက ပေါက်ကြားသွားသည့် အချက်အလက်များသည် စီးပွားရေး သဘောတူညီမှုများအရ ထိလွယ်ရှလွယ် ရှိသော်လည်း အလွန် လျှို့ဝှက်သိုသိပ်ထားသည့် အဆင့်မျိုး မဟုတ်ဟု ဆိုသည်။

ဩစတြေးလျ ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူများက အမည်မသိ ဟက်ကာသည် Alfဆိုသော ကုဒ်နာမည်ဖြင့် လှုပ်ရှားသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုပေါက်ကြားမှုသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက စတင်ခဲ့သော်လည်း နိုဝင်ဘာလထိ သတိမမူမိခဲ့ဟု ဆိုသည်။ နောက်ပိုင်းတွင်မှ ခိုးယူခံရသည့် အချက်အလက်များကို ပြန်လည်ဆန်းစစ်ပြီး ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုဟက်ကာသည် ဩစတြေးလျ ပြည်တွင်းမှ (သို့မဟုတ်) ပြည်ပနိုင်ငံ တစ်ခုခုမှ ဆိုသည်ကို အတည်မပြုနိုင်သေးချေ။ ထို့အပြင် ဟက်ကာ တစ်ဦးထက် ပိုကောင်း ပိုနိုင်မည်ဟုလည်း ဩစတြေးလျ ကာကွယ်ရေး စက်မှုဝန်ကြီး ခရစ္စတိုဖာပိုင်းက မှတ်ချက် ပေးခဲ့သည်။

ခိုးယူခံရသည့် အချက်အလက်များတွင် ဩစတြေးလျက ဒေါ်လာ ၁၃ ဘီလီယံဖိုး ထည့်ဝင်မြှုပ်နှံ ပါဝင်ထားသည့် F-35 ကိုယ်ပျောက် မဟာဗျူဟာ တိုက်လေယာဉ် စီမံကိန်း၊ C130 သယ်ယူပို့ဆောင်ရေး လေယာဉ်၊ P-8 Poseidon ကင်းထောက်လေယာဉ်ဆိုင်ရာ မှတ်တမ်းများ၊ ရေတပ်သင်္ဘော အချို့၏ မှတ်တမ်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

   Ref: AFP