အိမ်နီးချင်းနိုင်ငံများမှ သံအမတ်များ မောင်တောဒေသသို့ သွားရောက်လေ့လာ

ARSA အကြမ်းဖက် သမားများ တိုက်ခိုက်ခဲ့သည့် မောင်တောဒေသသို့ အိမ်နီးချင်း နိုင်ငံများမှ သံအမတ်များ အောက်တိုဘာ ၁၀ ရက်က သွားရောက် လေ့လာခဲ့သည်။

တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ သံအမတ်များသည် စစ်တွေမြို့မှ တစ်ဆင့် မောင်တောမြို့သို့သွား ရောက်ခဲ့ပြီး ၎င်းတို့ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ဦးဆောင်ကာ သံအမတ်များနှင့်အတူ ပြည်တွင်း၊ ပြည်ပမီဒီယာသမားအချို့လည်း လိုက်ပါလာသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်တို့လည်း  လိုက်ပါခဲ့သည်။ ပြည်ထောင်စုဝန်ကြီးများ နှင့် သံအမတ်များသည် မောင်တောတွင် ပန်းတောပြင်၊ မှိုဝင်၊ အလယ်သံကျော်၊ ငါးခူရကျေးရွာ များသို့ သွားရောက်လေ့လာခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဌာနဆိုင်ရာတာဝန်ရှိသူ အချို့နှင့်တွေ့ဆုံခဲ့သည်။  ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်ကလည်း နိုင်ငံတကာ သံတမန် ၄၀ကျော်သည် မောင်တောဒေသသို့  သွားရောက်လေ့လာခဲ့သည်။

မောင်တောခရိုင်ရှိ နယ်ခြား စောင့်ရဲစခန်း ၃၀ကို ARSA အကြမ်းဖက်သမားများက သြဂုတ် ၂၅ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်ရှိ မောင်တောဒေသခံများ၏အခြေအနေကို လာရောက်လေ့လာရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသံတမန်များအားဖိတ်ခေါ်ထားသည်။

7day daily