မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန်စီစဉ်

မြန်မာ-တရုတ်နှစ်နိုင်ငံ အကြား နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရန်လိုအပ်သည့် အသေးစိတ်အချက်အလက်များကို နှစ်နိုင်ငံညွှန်ကြားရေးမှူးချုပ်များ ဆွေးနွေး မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

‘‘တရုတ်နိုင်ငံကနေ ညွှန်ချုပ်အဆင့်ဖိတ်ထားတယ်။ သူတို့ ဘက်ကလည်း ကမ်းလှမ်းတယ်။ ဒီဘက်ကလည်း ဖိတ်ထားတယ်။ နှစ်နိုင်ငံဘယ်လိုလုပ်မယ်ဆိုတာတွေကို ညွှန်ချုပ်တွေအသေးစိတ် ဆွေးနွေးပြီးရင် ဆွေးနွေးချက် အပေါ် နှစ်ဖက်လုပ်မယ့် အစီအစဉ်တွေပြန်ညှိမယ်။ နှစ်ဖက်ကော်မတီဖွဲ့ပြီးမှ နေရာကို သတ်မှတ်ပါမယ်’’ ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံညွှန်ချုပ်ဆွေးနွေးပွဲကို စက်တင်ဘာ နောက်ဆုံးပတ် (သို့မဟုတ်)အောက်တိုဘာ ပထမပတ်တွင် ပြုလုပ် မည်ဖြစ်ပြီးယခုကဲ့သို့ ဆွေးနွေးရန် တရုတ်နိုင်ငံသို့ ဖိတ်စာပို့ထားကြောင်း ဦးတိုးအောင်မြင့်က ဆိုသည်။ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်နေရာကို နှစ်နိုင်ငံနယ်စပ်ရှိ နှစ်ဖက်မြေဧရိယာပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အတိအကျသတ်မှတ်ပြီးပါက နှစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်မည်ဖြစ်သည်။

အဆိုပါဇုန်တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံမှကုန်ကြမ်းများကို ယင်းနေရာတွင်ကုန်ချော ထုတ်လုပ်၍ နှစ်နိုင်ငံသို့ပြန်လည် တင်ပို့ရောင်းချမည့်အပြင် နိုင်ငံတကာသို့လည်း ဈေးကွက်ထိုးဖောက်ရန် စီစဉ်ထား ကြောင်း ဦးတိုးအောင်မြင့်က ပြောသည်။ ဇုန်တည်ဆောက်ရန် လုပ်ငန်းကော်မတီများကိုနှစ်နိုင်ငံညွှန်ချုပ်များ ပါဝင်သည့် ကော်မတီ၊ ၀န်ကြီးများပါဝင်သည့် ကော်မတီ စသည်ဖြင့်အဆင့်ဆင့်ဖွဲ့စည်း ရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ ကြား နယ်စပ်စီးပွားရေးပူးပေါင်း ဇုန်တည်ဆောက်ရေးဆိုင်ရာနား လည်မှုစာချွန်လွှာကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ၂၀၁၇ မေလ ၁၆ ရက်ကလက်မှတ်ရေးထိုးခဲ့ပြီး ဇုန်တည်ဆောက်ရန် မြန်မာနိုင်ငံ ဘက်မှ တာဝန်ခံဝန်ကြီးဌာနအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနက တာဝန်ယူထားသည်။ မြန်မာနိုင်ငံ၏ကုန်သွယ်မှု စာရင်းများအရ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၁ ဒသမ ၃၈၉ ဘီလီယံနှင့် ၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင် ကန် ဒေါ်လာ ၁၁ ဒသမ ၀၄၄ ဘီလီယံ ရှိသည်။