ကိုယ်ဝန်ဆောင်နှင့် ကိုယ်ဝန်ဆောင်မည့်သူများ ချင်းမိုင်သို့ မလာရန် မြန်မာကောင်စစ်ဝန်ရုံး သတိပေး

ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် မြန်မာအမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရသောကြောင့် မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသူများ ချင်းမိုင်သို့လာရောက်မှုကို ခေတ္တဆိုင်းငံ့ထား သင့်ကြောင်း ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးက (စက်တင်ဘာ ၇ ရက်) ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် လိုက်သည်။

ချင်းမိုင်ပြည်နယ် ဆန်ဆိုင်းခရိုင်၌ စက်တင်ဘာလ ၅ ရက်က ကိုယ်ဝန်ရှစ်လဆောင်ထားသော မြန်မာအမျိုးသမီး တစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပြီး လက်ရှိတွင် အရေးပေါ်ကုသရေးဌာနတွင် အနီးကပ်စောင့်ကြည့် ကုသပေး လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ၎င်းအမျိုးသမီးနေထိုင်ရာ နေအိမ်အတွင်း၊ အပြင်နှင့် ပတ်ဝန်းကျင်နေရာတွင် ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးထားကြောင်း ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် မြန်မာနိုင်ငံသားများအနေဖြင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ အတွက် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၀၅၂ ၀၀၄၂၁၁နှင့် ၀၆၁ ၂၇၂၇၇၇၅ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ဇီကာရောဂါမှာ အေဒီးခြင်ကျားကိုက်ခံရရာမှ ကူးစက်သည့်ရောဂါဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ခြင်နှိမ်နင်း ရေးလုပ်ငန်းများကို လွန်ခဲ့သည့် လေးလခန့်မှ စတင်လုပ်ဆောင်နေပြီး နိုင်ငံတွင်း ဝင်ပေါက်များဖြစ်သည့် လေဆိပ်၊ ရေဆိပ်စသည့် ဝင်ပေါက်များတွင် အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဇီကာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်က သတင်းထုတ်ပြန်ထားပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များဖြစ်သော ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ရောဂါ ကူးစက်ခံနေရသည်ဟု ဖော်ပြထားသည်။

အလားတူပင် စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူတစ်ရာကျော် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရသောကြောင့် မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသူများ စင်ကာပူသို့ မလာကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာ ၂ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

# The Voice


Leave a Reply