အသည်း ရောဂါများ အတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)

13240036_1106731639390686_93607698003257158_n

ယခုတစ်ပတ်တွင် အသည်းနှင့်ပတ်သက်၍ အသုံးပြုရန် ရေးသားတင်ပြလိုသော အပင်မှာ မုန်လာဥပင်ဖြစ်၏။ မုန်လာဥပင် ဆိုလျှင် တိုင်းရင်း ဆေးပညာရှင်များ သာမက တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ သိနိုင်မည်ဖြစ်၏။ မုန်လာပင်သည် အရွက်၊ ဥနှင့် အမြစ်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ရသော အပင်မျိုး ဖြစ်၏။ ၎င်း မုန်လာဥပင်မှာ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်၏။

အထူးသဖြင့် အောက်အရပ် ဒေသခေါ်အကြေဒေသမှ အိမ်ရှင်မများ၊ အထက် အရပ်ခေါ် အညာဒေသနှင့်အလယ်ပိုင်း မြေလတ်ဒေသမှ အိမ်ရှင်မများ ပို၍သိနိုင်၏။ အကြောင်းမှာ ၎င်း မုန်လာဥဖြူပင်မှ အရွက်နှင့် ဥများကို အရည်သောက် အချဉ်ဟင်း အဖြစ်လည်းကောင်း၊ ဟင်းချိုအဖြစ်သော်လည်းကောင်း၊ ကြော်ချက်၍ သော်လည်းကောင်း၊ လက်သုပ် သုပ်၍ လည်းကောင်း၊ မုန်လာချဉ် အဖြစ် အချဉ်တည်၍ လည်းကောင်း စားလေ့ရှိကြ သောကြောင့် ဖြစ်၏။ ထို့အပြင် မိမိတို့ မိသားစုအတွက် လျှာရင်းမြက်ဖွယ် ဟင်းတစ်မည်အဖြစ် မုန်လာဥဖြူကို အသား၊ငါးတို့နှင့် ရောဖက်၍ ချက်ပြုတ် ကျွေးမွေးနိုင်၏။

ထိုမျှမက ကြက်ဥ၊ ဘဲဥ စသည်တို့နှင့် ကြော်ချက် ၍လည်း စားနိုင်၏။ ငါးကြင်း၊ ငါးရံ့၊ ငါးပုဏ္ဏား တို့နှင့် ရောဖက်၍ ဟင်းခါးရည် အဖြစ် စီမံနိုင်၏။ အဆိုပါ မုန်လာဥဟင်း တစ်ခွက်သည် လွန်စွာမှလည်း အရသာရှိ။ မီးယပ်ချိနဲ့ နေသူများနှင့်သင့်၏။ အသည်းကိုလွန်စွာ အကျိုးပြု၏။ ခံတွင်းပျက်နေသူများနှင့် သင့်၏။ သည်းခြေအိတ် ကျောက်တည် သူကျောက်ကပ် ရောင်သူများ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ကျောက်တည် သူများ၊ ဆီးချုပ်၊ ဆီးအောင့် နေသူများလည်း စားသင့်၏။ မျက်စိအမြင် အားနည်းသူများနှင့်လည်း သင့်၏။ မုန်လာဥပင်၏ ရုက္ခဗေဒအမည်မှာ Taphanus Sativus Linnဖြစ်၏။ Curciferae မျိုးရင်းတွင် ပါဝင်၏။ အင်္ဂလိပ် အမည်မှာမူ Radishဖြစ်၏။

အသုံးဝင် ဆေးပင်များနှင့် မြန်မာ့တိုင်းရင်းဆေးနည်း လက်စွဲစာအုပ်တွင် မုန်လာဥ သတ္တုရည် ဟင်းစားဇွန်း သုံးဇွန်းကို သောက်ပေးခြင်းဖြင့် ဆီးကျန်၍ ပူခြင်း၊ နာခြင်းများကို သက်သာစေသည်။ အသည်း၌ဖြစ်သော ရောဂါများနှင့် အသည်း ရောင်အသားဝါ ရောဂါကို မုန်လာဥ ပါးပါးလှီး၍ သကြားနှင့် ဆတူ စားပေး ရပါသည်။ ဆီးအိမ်နှင့် ဆီးလမ်းကြောင်း ကျောက်တည် ရောဂါ၌ မုန်လာဥ သတ္တုရည် အကြမ်းပန်းကန် တစ်လုံးစာ နေ့စဉ် သောက်ပေးပါက ဆီးအိမ် အတွင်းရှိ ကျောက်များကို တဖြည်းဖြည်း ကြေမွ၍ ကျဆင်း စေပါသည်။ မီးယပ်ထိမ်ခြင်း၊ မီးယပ်ချုပ်ခြင်း စသော ရောဂါများ၌ မုန်လာစေ့မှုန့် နှစ်ပဲသားကို ရေနွေးနှင့် သောက်ပေးပါက ဥတုသွေးများ စင်ကြယ်စွာ သက်ဆင်းစေသည်ဟု ဖော်ပြ ထား၏။

စာရေးသူ အနေဖြင့် မုန်လာဥဖြူနှင့် မုန်လာဥနီ နှစ်မျိုးစလုံးကို အသည်းဆေးများနှင့် တွဲဖက်၍လည်းကောင်း၊ ဓာတ်စာ အနေဖြင့်လည်းကောင်း ပေးကျွေးလေ့ရှိရာ ရောဂါသက်သာမှု မြန်ဆန်ကြောင်း တွေ့ရလေ၏။ မုန်လာဥဖြူ ရွက်သည် အဖျဉ်းရောဂါ၊ အဖောရောဂါတို့ အတွက်လည်းကောင်းမွန်လှ၏။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ ပြေလျော့ စေရန် မုန်လာဥဖြူရွက်နှင့် ဥကိုဟင်းလျာအဖြစ် ရက်သတ္တပတ်လျှင် တစ်ကြိမ်မှနှစ်ကြိမ်အထိ ချက်ပြုတ် စားသင့်လှ ၏။ အစားမှား၍ သော်လည်းကောင်း၊ ဆေးမှား၍ သော်လည်းကောင်း အစာအဆိပ်သင့်ပါက မုန်လာဥ သတ္တုရည် ဆတူရောစပ် တိုက်ပေးရ၏။ ထိုအခါ ပျို့အန်စေ၍ ဝမ်းတွင်းရှိ အစာများနှင့် အဆိပ်များ ထွက်ကျ စေနိုင်၏။ အလွယ် တကူသုံးစွဲနိုင်သော အစာအဆိပ်ဖြေဆေးဖြစ်၏။ သို့ဖြစ်၍ အသည်းရောဂါရှင်များ အနေဖြင့်မိမိတို့ နေ့စဉ် ချက်ပြုတ် စားသောက်နေသော အစာအာဟာရတွင် အပါအဝင်ဖြစ်သည့် မုန်လာဥနှင့်အရွက် အကြောင်းကို အရေးကြုံက အသုံး ပြုနိုင်ပါကြောင်း တင်ပြ လိုက်ရပါ သည်။ ။ Ref ဦးကျော်စိန်(မိုးကုတ်)


Leave a Reply