အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ကို အန္တရာယ်ရှိ အကြမ်းဖက်အဖွဲ့အဖြစ် ဖေ့စ်ဘွတ်ခ် သတ်မှတ်

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ကို ဖေ့စ်ဘွတ်ခ်က အန္တရာယ်ရှိ အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှာ ထပ်တိုးဖြည့်စွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာခဲ့ပြီးနောက် Facebook စည်းမျဉ်းမှာ ARSA ဟာ အန္တရာယ်ရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းစာရင်းမှာ ထပ်တိုး ဖြည့်စွက်ချက်တွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ ပြောကြားလိုက်တာပါ။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် Arakan Rohingya Salavation Army (ARSA) နဲ့ ပတ်သက်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို ဖေ့ဘွတ်ခ်ကို သတင်းပို့ဖို့လည်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ အကြမ်းဖက်တိုက်ခိုက်ခံရသူတွေနဲ့ အတူတကွ ရပ်တည်နေပြီး အကြမ်းဖက်သမားတွေနဲ့ အားပေးသူတွေကို ဖေ့စ်ဘွတ်ခ်မှာ ပိတ်ပင်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးကို ဆောင်ရွက်ပေးနေတယ်လို့ သူက ဆိုပါတယ်။

ARSA နဲ့ အကြမ်းဖက်သမားတွေဟာ ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုကို အသုံးပြုခွင့်မရနိုင်ပဲ အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်ပြီး ထောက်ခံ ကူညီရာရောက်တဲ့ ရေးသားဖော်ပြတာတွေ၊ ဗွီဒီယိုနဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်က ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ARSA ရဲ့ ကြေညာချက်တွေ၊ ARSA နဲ့ဆက်နွှယ်ပြီး မဟုတ်မမှန် သတင်းမှား ဖြန့်နေတာတွေတွေ့ရင် ဖေ့စ်ဘွတ်ခ်ကို သတင်းပို့ (Report) လုပ်ပေးဖို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။

ဒီဗွီဘီ