ဘင်္ဂလားဒေ့ရှ်ဝေဟင်ပိုင်နက်သို့ ရဟတ်ယာဉ်ကျော်လွန်ပျံသန်းခြင်းမရှိကြောင်း အစိုးရပြောကြား

မြန်မာဘက်မှ ရဟတ် ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်ဝေ ဟင်ပိုင်နက်ထဲသို့ အကြိမ်ကြိမ် ကျော်လွန်ပျံသန်းကြောင်း စွပ်စွဲမှုများအပေါ် တပ်မတော်က မဟုတ်မှန်ကြောင်း အကြောင်းပြန် ကြားထားသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။ မြန်မာရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုက် နက်ထဲသို့ သြဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက်တို့တွင် ကျော်လွန် ပျံသန်းခဲ့ခြင်းကြောင့် မြန်မာသံအမတ်ကြီးကို ခေါ်ယူအသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် စက်တင်ဘာ ၁ ရက်က ဖော်ပြခဲ့သည်။

ယင်းသတင်းများနှင့်ပတ်သက်၍ တပ်မတော်သို့ မေးမြန်းရာ ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုက်နက်သို့ ကျော်လွန်ခြင်း မရှိကြောင်းနှင့် MI 17 ရဟတ်ယာဉ်များဖြင့် မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ရိက္ခာ ပြတ်လပ် နေသူများအား အစာရေစာပေးဝေခြင်း၊ ဒဏ်ရာရရှိသူများအား သယ်ဆောင်ခြင်းများကို မြန်မာ့ဝေဟင်ပိုင်နက်အတွင်းသာ ပြုလုပ်ခဲ့သည်ဟု အကြောင်းပြန်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြား ရေးမှူး ချုပ် ဦးဇော်ဌေးက ရှင်းပြသည်။

‘‘သွားခဲ့တဲ့ ခရီးစဉ်ကို တပ်မတော်က ပြန်စစ်တယ်။ Flight  Route ပေါ့။ ပျံသန်းခဲ့တဲ့လမ်းကြောင်း၊ GPS အချက်အလက်တွေ ပြန်ကြည့်တဲ့အခါ နယ်နိမိတ်ကို ကျော်လွန်ခြင်းမရှိဘူးလို့ သိရတယ်။ အဲဒီတော့ သူတို့ ဝေဟင်ပိုင်နက်ကို ကျော်လွန်ပျံသန်း တယ်ဆိုတာ တပ်မတော်ဘက်က မဟုတ်ဘူးလို့ ပြောတယ်’’ဟု ၎င်း က ဆိုသည်။ ဝေဟင်ပိုင်နက်ကို ကျော်လွန်ပျံသန်းခြင်းမရှိကြောင်း တပ်မတော်၏ ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ် ဘက်မှ တာဝန်ရှိသူများကိုပြန်လည်ရှင်းလင်းမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံလုပ်ထုံးလုပ်နည်းအတိုင်းဖြေရှင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

သြဂုတ် ၂၇ နှင့် ၂၈ ရက်တို့တွင် MI 17 ရဟတ်ယာဉ်ဖြင့် မောင်တောခရိုင်အတွင်းရှိ တောင်ပြိုလက်ဝဲဘက်သို့ ပတ်၍ အစာရေစာပြတ်လပ်သူ များအား ရိက္ခာပေးဝေခြင်း၊ ဒဏ်ရာရရှိနေသည့်အရေးပေါ် လူနာများကို ကူညီသယ်ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု တပ်မတော်က အကြောင်းပြန်ကြောင်း ၎င်းက ဆိုသည်။ ထို့အတူ စက်တင်ဘာ ၁ ရက်တွင်လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သည့် ခရီးစဉ်၌ မြန်မာပိုင်နက်အတွင်းကသာ မြေပြင်အခြေအနေကြည့်ရှုခြင်း၊ ရိက္ခာပံ့ပိုးခြင်းများပြုလုပ်ခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။

ထို့အပြင် အသုံးပြုသည့် ရဟတ်ယာဉ်များသည် တိုက်ခိုက်ရေးယာဉ်မဟုတ်ကြောင်းနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြစ် ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်ကလည်း ပြည်ထဲရေးဝန်ကြီး၏ ခရီးစဉ်တွင် ၎င်းကိုယ်တိုင် လိုက်ပါကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် ဝေ ဟင်နယ်နိမိတ်သို့ ကျော်လွန်ခြင်း မရှိကြောင်း အတည်ပြုသည်။

‘‘သူတို့ နယ်နိမိတ်ဆိုတာ နတ်မြစ်ကျော်မှ သူတို့နယ်နိမိတ် ရောက်တာ။ ဘာမှ နတ်မြစ်ကျော် စရာအကြောင်း မရှိဘူး’’ဟု သူရ စန်းလွင်က ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်သတင်းဌာနများတွင် ၎င်းတို့၏ ဝေဟင်ပိုင်နက် သို့ မြန်မာရဟတ်ယာဉ်များ ကျော်လွန်ပျံသန်းခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် မြန်မာ သံအမတ်ကြီးအား ခေါ်ယူ၍ သတိပေးခဲ့ကြောင်း ဖော်ပြသည်။