SSPP နုတ်ထွက်ပါက အားလျော့သွားမည်ဖြစ်သော်လည်း NCA အတိုင်း ရပ်တည်မည်ဟု UNFC ပြော

 August 28, 2017

 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) နုတ်ထွက်သွားပါက အားလျော့မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ဆက်လက်ရပ်တည်မည်ဟု UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ SSPP အနေဖြင့် UNFC မှ နုတ်ထွက်ကြောင်း သတင်းစကားများ ကြားမိချိန်တွင် အံ့ဩမိသည်ဟု ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့ရဲ့ နိုင်ငံရေး လမ်းကြောင်းကတော့ ဒီဆွေးနွေးရေးပဲ အဓိကဦးတည်ပြီးသွားတာပေါ့။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ဆွေးနွေးရေးကို အခြေခံရမယ်ဆိုတဲ့ လမ်းကြောင်းပဲ သွားမယ်လေ။ NCA လမ်းကြောင်းအတိုင်းပေါ့’’ဟု နိုင်အောင်မငေးက ပြောသည်။

SSPP သည် ဩဂုတ် ၁၉ ရက်က ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် ပန်ဆန်း၌ ကျင်းပသည့် မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့ အစည်းအဝေးတွင် ၎င်းတို့အဖွဲ့အနေဖြင့် UNFCမှ နုတ်ထွက်ရန် စာတင်ထားကြောင်း အစည်းအဝေးသို့ တင်ပြခဲ့သည်။

‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) စသည့်လက်နက်ကိုင်အဖွဲ့၏ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ရေးကော်မတီ (FPNCC) သည် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေး မည်ဆိုသည့် မူဝါဒဖြင့် ဖွဲ့စည်းခဲ့သည်။

  မြောက်ပိုင်း ခုနစ်ဖွဲ့၏ ဦးဆောင်အဖွဲ့ဖြစ်သော UWSA ဖိတ်ကြားချက်အရ UNFC ဥက္ကဋ္ဌနိုင်ဟံသာ ခေါင်းဆောင်သည့်ကိုယ်စားလှယ်များသည် ဩဂုတ် ၂၁ ရက်တွင် မြောက်ပိုင်း ခုနစ်ဖွဲ့၏ ကော်မတီနှင့် တွေ့ဆုံရန် ပန်ဆန်းသို့ ထွက်ခွာသွားပြီဟု ချမ်းမိုင် အခြေစိုက် သတင်းမီဒီယာနှင့်ကွန်ရက်က ဖော်ပြသည်။

SSPP နုတ်ထွက်သွားပါက UNFC တွင် မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသား ကောင်စီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့သာ ကျန်ရှိမည်ဖြစ်သည်။

7day daily