မစ္စတာကိုဖီအာနန် သြဂုတ်လ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ လာမည်

 

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အကြံပြုချက် အစီရင်ခံတင်သွင်းချိန်တွင် အဖွဲ့ ခေါင်းဆောင်ဖြစ်သူ မစ္စတာကိုဖီအာနန် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

“မစ္စတာကိုဖီအာနန်လာဖို့ရှိပါတယ်။ သြဂုတ်လ နောက်ဆုံးပတ်မှာပါ ” ဟု ဟာဂျီဦးအေးလွင်က ပြောသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းက နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး အကြံပြုချက်အစီရင်ခံစာကို   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်ထံမှတဆင့် အစိုးရအဖွဲ့ထံ တင်သွင်းရမည်ဖြစ်ကာ ကော်မရှင်၏သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

ကော်မရှင်၏ အပြီးသတ်အကြံပြုချက် အစီရင်ခံစာကို ယခုလ သြဂုတ်လမကုန်မီ တင်သွင်းရန် အဆင့်သင့်ဖြစ်နေပြီဟု ဟာဂျီဦးအေးလွင်က ဆိုသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အကြံပြု အစီရင်ခံစာကို ဖေဖော်ဝါရီလအတွင်းက အစိုးရထံတင်ပြထားပြီး ယင်းအကြံပြုချက်များတွင် လူသားချင်း စာနာထောက်ထားသော အကူအညီများနှင့် သတင်းမီဒီယာများကို ပဋိပက္ခဖြစ်ပွားခဲ့သည့်နေရာများကို လွတ်လပ်စွာ ၀င်ခွင့်ပေးရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သင်တန်းပေးရေး ၊ လူ့အခွင့်အရေးချိုးဖောက်သူ များကို အရေးယူရေး စသည့် အကြံပြုချက်များ ပါဝင်ခဲ့သည်။