မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပွန်းပဲ့မှုမဖြစ်စေရန် တပ်မတော်မှ အပြည့်အဝထိန်းသိမ်း ကာကွယ် သွားမည်

ရခိုင်ဒေသအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ပွန်းပဲ့ထိခိုက်မှုလုံးဝမဖြစ်စေရန် တပ်မတော်အနေဖြင့် အပြည့်အ၀ ထိန်းသိမ်းကာကွယ် သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သည့် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

“၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အလယ်သံကျော်ဖြစ်စဉ်ကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများက ဒေသခံတိုင်းရင်းသားများအား တိုက်ခိုက်သတ်ဖြတ်မောင်းထုတ်ပြီး ရခိုင်တိုင်းရင်းသားများပိုင်ဆိုင်သည့် နယ်မြေများ ဆုံးရှုံးမှုမျိုး ထပ်မံအဖြစ်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပွန်းပဲ့ထိခိုက်မှုလုံးဝမဖြစ်စေရန် တပ်မတော်အနေဖြင့် အပြည့်အ၀ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

၁၉၄၂ ခုနှစ်၊ အလယ်သံကျော်အရေး အခင်းတွင် ဒေသခံရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခံရပြီး မူလရခိုင် တိုင်းရင်းသားများနေ ထိုင်ခဲ့သည့် ကျေးရွာများစွာတွင် ဘင်္ဂါလီများက ၀င်ရောက်သိမ်းပိုက်နေထိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားချက်အရ သိရသည်။ အဆိုပါအကြမ်းဖက်မှု များနှင့်ပတ်သက်၍ ဘာသာရေး ခုတုံးလုပ် အကြမ်းဖက်လုပ်ဆောင်မှုများအား လုံးဝလက်မခံနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ သည်။

“ယခုဖြစ်စဉ်မှာလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကိုမျက်ကွယ်ပြု၍ ဥပဒေအရ စိစစ်မှုများကို လက်မခံဘဲရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်မှုများလုပ်ဆောင်လာခြင်းသာဖြစ်ကြောင်း၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လှုံ့ဆော်မှု၊ အကြမ်းဖက်လုပ်ဆောင်မှုများအား လုံးဝလက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် နေသူများသည် မြန်မာနိုင်ငံ၏ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဘင်္ဂလီပြဿနာသည် ရှေးနှစ်ပေါင်းများစွာ ဖြစ်လာခဲ့ပြီး အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ဖြေရှင်းပေးခဲ့သော်လည်း မပြီးပြတ်ခဲ့ကြောင်း၊ ယခုအစိုးရအနေဖြင့်လည်း သတိထားပြီး ဖြေရှင်းနေကြောင်း” ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမှာစကားပြောကြားခဲ့ခြင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ပြီး ဘင်္ဂလီဆိုသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး ထည့်သွင်း ပြောကြား ခဲ့သည်။ “ဘင်္ဂါလီအသုံးအနှုန်းနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများမှာ မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီဘ၀ ကျရောက်စဉ်က ဘင်္ဂလားနယ်မှ လာရောက်နေထိုင်ကြသူများဖြစ်၍ အစဉ်အဆက် ဘင်္ဂါလီဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၌လည်း ဘင်္ဂလားနယ်မှနေထိုင်သူများကို ဘဂါင်္လီဟုပင်ခေါ် ဆိုသည်ကို သိရှိရကြောင်း၊ သို့ဖြစ်၍ဘင်္ဂါလီများမှ ရိုဟင်ဂျာဟု မိမိကိုယ်မိမိသတ်မှတ်သုံးစွဲလာခြင်းမှာ အမျိုးသား ရေးကိစ္စဖြစ်၍ “မိမိနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိ”ဟု အတိအလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ” ရှင်းလင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ” ယခုဖြစ်စဉ်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အားဖြင့် မည်သို့မျှ ကာကွယ်ဆောင်ရွက်နိုင်စွမ်း မရှိသဖြင့် တပ်မတော်မှ ပါဝင်ကာကွယ်လုပ် ဆောင်ခဲ့ရကြောင်း၊ အစိုးရမှလည်း တရားဝင်ခွင့်ပြုခဲ့ကြောင်း၊ ယင်းသို့ထိန်းသိမ်းမှုမလုပ်နိုင်ပါက ယခုထက်ပိုမို ဆိုးရွားသည့်ဖြစ်စဉ်များ ဖြစ်လာနိုင်ကြောင်း၊ ၁၉၄၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်အခြေအနေမျိုး၊ နယ်မြေဆုံးရှုံးမှု မျိုးထပ်မံ အဖြစ်မခံနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်များကို အစွမ်းကုန်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိသားစုမှ အလှူငွေ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့သည်။ အဆိုပါ အလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများ၏ စုစုပေါင်းလှူဒါန်းငွေမှာငွေကျပ် ၁၉၄၂၅၄၀၀၀၀ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် နံနက် ၁ နာရီမှစတင်ပြီး တပ်ဌာနချုပ် တစ်ခုအပါအ၀င် လုံခြုံရေးစခန်း ၃၀ ခုအား နေရာဖြန့်ခွဲ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံးတိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားသုံးတိုက်ခိုက်မှု၊ တံတားများအပါအ၀င် မိုင်းထောင် ဖောက်ခွဲမှုများ၊ မီးရှို့ ဖျက်ဆီးမှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၀န်ထမ်း ၁ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ ဒေသခံတိုင်းရင်းသားပြည်သူ ၁၄ ဦး အသက် ဆုံးရှုံးခဲ့ပြီး ပျောက်ဆုံး နေသူတိုင်းရင်းသား ၂ ဦးရှိခဲ့သည်။

ထိုသို့သတ်ဖြတ်မှုများမှာလည်း ဓါး၊ လှံများဖြင့် ရက်ရက်စက်စက် ထိုးခုတ်သတ်ဖြတ်ထားသည်ကို တွေ့ရှိရကြောင်း၊ တံတား ၈ စင်း မိုင်းခွဲဖျက်ဆီးခံရပြီး ကျေးရွာများရှိ အိမ်ခြေ ၂၇၀၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖော်ပြထား သည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလအတွင်းက ရဲစခန်းများတိုက်ခိုင်ခံရပြီး ရခိုင်ပြည်နယ်အတွင်း ယခုနှစ် သြဂုတ်လအတွင်း ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။