မြန်မာ့ကုန်ထုတ်လုပ်ငန်းများ စွမ်းရည်မြှင့်တင်ရန် ဂျပန်-မြန်မာအကြံပေးပညာရှင်များ ဆွေးနွေးအကြံပြုမည်

မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ထုတ်လုပ်နိုင်စွမ်း  မြှင့်တင်ရေး ဂျပန်နှင့်မြန်မာ ကုန်ထုတ်လုပ်ငန်းအကြံပေးပညာရှင်များက ဆွေးနွေးအကြံပြုမည်ဟု  ဂျပန်ကုန်ထုတ်လုပ်ငန်းဆိုင်ရာစင်တာ  ပညာရှင် မစ္စတာ Kyohei Kurachi က ပြောသည်။ ကုန်ထုတ်လုပ်ငန်းအကြံပေးပညာရှင်လည်းဖြစ်သူ မစ္စတာ Kyohei Kurachi က ‘‘ကျွန်တော် တို့ သွားရောက်ဆွေးနွေးတဲ့အခါမှာ တကယ်လုပ်ပြတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သင်ပေးပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်ခွန်အားကလည်း သင်ယူမှုမြင့်မားပါတယ်။ လုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအား မြင့်မားဖို့ တိုက်တွန်းရမယ့်အရာတွေကို အကြံပေးသွားမှာပါ’’ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလေးခုကို မြန်မာနိုင်ငံမှ အကြံပေးပညာရှင်ကိုးဦးနှင့် ဂျပန်နိုင်ငံမှ အကြံပေးပညာရှင်နှစ်ဦးက သွားရောက်၍ ယခုလအတွင်း ကုန်ထုတ်မြှင့်တင်ရေး နည်း ပညာများအကြောင်း ဆွေးနွေးမည်ဖြစ်သည်။ ယင်းအပြင် မြန်မာ့ကုန်ထုတ်လုပ်ငန်းများရှိ မန်နေဂျာအဆင့် တာဝန်ရှိသူများနှင့် အထွေထွေ လုပ်သားများကို ကုန်ထုတ်မြှင့်တင်ရေး နည်းပညာများအကြောင်း ဩဂုတ် ၁၅၊ ၁၆ နှင့် ၁၇ ရက်များတွင် ဆွေးနွေးမည် ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်မှ ဦးစီးအရာရှိ ဒေါ်မြစန္ဒာစုက ‘‘ဒီအစီအစဉ်အတွက် ဂျပန်နိုင်ငံကပေးတဲ့ ရန်ပုံငွေနဲ့ လုပ်တာပါ။ သုံးနှစ်စီမံကိန်းဖြစ်ပါတယ်။ အကြံပေးပညာရှင်တွေကို လေ့ကျင့် မွေးထုတ်ပေးပြီး အဲဒီပညာရှင်တွေနဲ့ ဂျပန်နိုင်ငံက အကြံပေးပညာရှင်တွေ ပူးပေါင်းပြီး မြန်မာ့ကုန်ထုတ်လုပ်ငန်းတွေမှာ အကြံပေးဆောင်ရွက်မှုတွေ လုပ်သွားမှာပါ’’ဟု ပြောသည်။

ယင်းကဲ့သို့ အကြံပေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံမှ သင်တန်းသားကိုးဦးကို ၂၀၁၆ ဇွန်လမှ အောက်တိုဘာအထိ လေ့ကျင့်သင်ကြားခဲ့သည်ဟု ၎င်းကဆိုသည်။ ၂၀၁၆ အတွင်း ရန်ကုန်မှ ကုမ္ပဏီနှစ်ခုနှင့် မန္တလေးမှ ကုမ္ပဏီသုံးခုကို အကြံပေးဆွေးနွေးခဲ့ပြီးကုမ္ပဏီများအတွက် ကုန်ထုတ်စွမ်းအား ဟောပြောပွဲများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။