မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းပြပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

မြန်မာ့သစ်တောထွက်ပစ္စည်းများအား ပြည်သူလူထုကို အသိပညာ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော်အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် သစ်တောသယံဇာတ ရေရှည်တည်တံ့ အသုံးချနိုင်ရေး ဆောင်ရွက်နေမှုများ သိရှိရန်ရည်ရွယ်၍ သစ်တောထွက် ပစ္စည်းပြပွဲ ၂ဝ၁၇ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် မေ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံးအကြိမ် ကျင်းပသည့် အဆိုပါပြပွဲတွင် ပြခန်းများအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ ပြခန်းများ၊ မြန်မာနိုင်ငံ ဝါးစိုက်ပျိုး ရေးအသင်း၊ မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိက ကျွန်းနှင့် သစ်မာစိုက်ပျိုးသူများ တို့မှ သစ်တောစိုက်ခင်း တည်ထောင်သူများ၏ ပြခန်းများ ပြသမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ် သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ ပြခန်းများ၊ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ သစ်တော လုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံ ကြိမ်နှင့် ဝါး လုပ်ငန်းရှင်များအသင်း၊ သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များ အသင်း၊ မြန်မာ့လက်မှု အနုပညာ အသင်းတို့၏ တန်ဖိုးမြင့်ထုတ်ကုန်များ အပါအဝင် ကဏ္ဍစုံပြခန်း ၁၁ ခန်း နှင့်အတူ ပြခန်းငယ်ပေါင်းများစွာ ပြသသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

The Ladies News