သင်္ကြန်ရုံးပိတ်ရက် နေရပ်ပြန်သူများ ကားလက်မှတ် ခက်ခဲ၊ ဈေးနှုန်းများ နှစ်ဆခန့် ဈေးတက်

သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် နေရပ်ပြန်လိုသူများအနေနှင့် ကားလက်မှတ်ရရန် ခက်ခဲလျက်ရှိပြီး အဝေးပြေးကားခအတွက် ကျသင့်ဈေးနှုန်းထက် နှစ်ဆခန့်အထိ ပေး၍ဝယ်ယူရကြောင်း နေရပ်ပြန် ခရီးသည်များထံမှ စုံစမ်းသိရသည်။

ဧပြီလ ၇ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မှ နယ်များသို့ ထွက်ရှိမည့် ခရီးစဉ်များတွင် လိုက်ပါမည့် ခရီးစဉ် များ၌ လူပြည့်နေသောကြောင့် ယခုရက်ပိုင်းအတွင်း ကားလက်မှတ်များ ဝယ်ယူရန် ခက်ခဲနေခြင်းဖြစ် ကြောင်း၊ သင်္ကြန်ကာလများတွင် နှစ်စဉ် အဝေးပြေးယာဉ်လိုင်းများမှ ကိုယ်စားလှယ်ဂိတ်ခွဲများသို့ လက်မှတ် ရောင်းချခွင့်မပေးဘဲ ပင်မဂိတ်များတွင်သာ တိုက်ရိုက်ရောင်းချ လျက်ရှိကြောင်း အဝေးပြေးယာဉ်များရှိ တာဝန်ရှိသူများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ယခုနှစ် သင်္ကြန်ကာလ တွင် အဝေးပြေး ကားလက်မှတ်ခများကို ဈေးနှုန်းမတက်ရန်နှင့် ထိရောက်စွာ အရေး ယူမည်ဟု ညွှန်ကြား ထားသော်လည်း နေရပ်ပြန်လိုသူများအနေနှင့် ကားလက်မှတ်များကို မူရင်းဈေးနှန်းများထက် ပိုမိုပေး၍ ပွဲစားများမှတစ်ဆင့် ပြန်လည်ဝယ်ယူနေရကြောင်း ခရီးသည်များက ဆိုသည်။

ရန်ကုန်တိုင်း အခြေပြုကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများကို စီမံအုပ်ချုပ်လျက်ရှိသော မထသ (အဝေးပြေး) အောင်မင်္ဂလာနှင့် ဒဂုံဧရာတို့၏ စီမံခန့်ခွဲမှု လုပ်ငန်း အားလုံး ကို ရန်ကုန်တိုင်းဒေသ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံ မတ်လ ၈ ရက်က လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

ဧပြီလ ၉ ရက်မှ ၁၂ ရက်အထိ ခရီးသည်မပါဘဲ ပြေးဆွဲသည့် အရှုံးပေါ်မှုကို ကာမိရန် မတ်လ ဒုတိယ အပတ်က ကားလက်မှတ်နှုန်း တိုးမြှင့်ကောက်ခံခွင့်ပြုရန် ယာဉ်လိုင်းလုပ်ငန်းရှင်အချို့က ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) ထံ တောင်းဆိုခဲ့သော်လည်း ရန်ကုန်တိုင်း အစိုးရက ခွင့်ပြုပေးခဲ့ခြင်း မရှိပေ။

အဝေးပြေးယာဉ်လိုင်းများက ကားလက်မှတ်ခ ဈေးနှုန်းများ မြင့်တက်သော်လည်း လက်မှတ်ဖြတ်ပိုင်းများ တွင် ယခင်ပြေးဆွဲခဲ့သော နှုန်းထားများဖြင့်သာ လက်မှတ်ဖြတ်ပေးလျက်ရှိကြောင်း ကိုယ်တိုင် ဝယ်ယူခဲ့ရ သည့် ခရီးသည်များက ဆိုသည်။

အဝေးပြေး ကားလက်မှတ်များကို သတ်မှတ်ဈေးထက် ပိုမိုဝယ်နေရပြီး လူသွားများသည့် ရန်ကုန်-မန္တလေး ခရီးစဉ်တွင် ယခင်ကျပ် ၁၂၀ဝ၀ ကို ကျပ် ၁၇၀ဝ၀၊ နေပြည်တော် ခရီးစဉ်တွင် ကျပ် ၆၈၀ဝ ကို ကျပ် ၇၃၀ဝ၊ မုံရွာခရီးစဉ်တွင် ကျပ် ၁၄၀ဝ၀ ကို ကျပ် ၁၆၅၀ဝ ဖြင့် ဝယ်ယူနေရကြောင်း အဆိုပါ ခရီးစဉ်ပြန်မည့် ခရီးသည်များက ပြောကြားသည်။

အဝေးပြေး ကားလက်မှတ်အရောင်းကိုယ်စားလှယ်များသည် ကြိုတင်လက်မှတ်များကို ဧပြီလ ၄ ရက်အထိ သာရောင်းချပြီး ကျန်ရက်များအတွက် ဝယ်ယူမည်ဆိုပါက အဝေးပြေးဂိတ်သို့ သွားရောက် ဝယ်ယူရ ကြောင်း ကားလက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် နာမည်ကြီး ယာဉ်လိုင်းအချို့သည် ကားခဈေးနှုန်းများ မြင့်တက်ခြင်း မရှိသော်လည်း ယင်းရက်ပိုင်းများတွင် ပြေးဆွဲသည့် ခရီးစဉ်များတွင် ခရီးသည် ပြည့်နေသောကြောင့် ကားလက်မှတ် မရရှိကြောင်း ခရီးသည်များထံမှ သိရသည်။  # The Voice