ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းအား ဒီဗွီဘီမှ ဆက်သွယ်မေးမြန်း ထားချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းအား ဒီဗွီဘီမှ ဆက်သွယ်မေးမြန်း ထားချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။

ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သံလွင်တံတားချောင်းဆုံ နာမည်ပေးတဲ့ကိစ္စ ဒေသခံတွေ ကန့်ကွက်ခဲ့ကြ တယ်။ အဲ့ဒီတံတားနာမည်ဂယက်က ကြားဖြတ်အပေါ် သက်ရောက်မှုရှိတယ်လို့မြင်မိလား။

ကျနော်တော့ မမြင်မိဘူးဗျ၊ အဲ့ဒီဂယက်က သိပ်ပြီးတော့မမြင်ရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မဲထည့်တဲ့ ပုံစံမျိုးကလည်း ခါတိုင်း ၂၀၁၅ ပုံစံလိုပါပဲ၊ သူတို့ ထည့်တာက။ တခုပဲ အဲ့ဒီမှာ အန်အယ်လ်ဒီ ဦးအေးဝင်းကို မထည့်တာလည်း ဒေသခံမဟုတ်လို့ပဲ။ အဲ့ဒါ တခုပါပဲ၊ ကျန်တာတော့ သိပ်ပြီး ထူးထူးထွေထွေမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွန်ဒေသကလည်း သူရသင့်တဲ့ ၂၀၁၅ မဲ အရေအတွက်လောက်ပဲ သူက ပြန်ရ တာကိုး၊ အဲ့ဒါကြောင့် သိပ်ပြီးတော့ ထူးဆန်းတယ်လို့ ကျနော်တော့ မမြင်ပါဘူး၊


နောက်တခုက မွန်ပါတီတွေ ကွဲလို့ ပြည်ခိုင်ဖြိုး နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်တယ်လေ၊ အဲ့ဒီ အပေါ်ရော။

အဲ့ဒါတော့ အနည်းအကျဉ်းလောက်ပဲ မှန်ပါတယ်။ ဘာလို့ဆိုတော့ မွန်အမျိုးသားပါတီအနေနဲ့က ဒီဘက်က သိပ်အားမကောင်းဘူးခင်ဗျ။ သူတို့က ဒီဘက်မှာ မဲနည်းနည်းပဲ ရနိုင်တယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီပဲ နည်းနည်း အမှတ် ၁ နယ်မြေမှာ အားရှိတယ်၊ ရွာ ၄-၅ ရွာကတော့ သူတို့ တော်တော် အားကောင်းတာပေါ့နော်၊ ကျနော်တို့ တောင်ပိုင်း အမှတ် ၂ ဆိုတာကတော့ မွန်ပါတီအနေနဲ့ အားမရှိပါဘူး။

ဦးအောင်ကြည်သိန်း ရွေးချယ်ခံရပြီဆိုတော့ လတ်တလော ဘာစိတ်ကူးတွေ ရှိသလဲဗျ။

အခု ကျနော်လမ်းပေါ်မှာပဲ၊ အခု ကျနော်ရွာတွေကို သွားပြီးတော့ သူတို့ကို ပြန်ပြီးသွားနှုတ်ဆက်နေ တာပေါ့၊ တချို့ သူတို့ လိုအပ်တဲ့ဟာတွေ ပြောတာဆိုတာတော့ ရှိမှာပေါ့လေ၊ လုပ်ပေးကိုင်ပေးနိုင်တဲ့ ကိစ္စတွေရှိရင်တော့ လုပ်ပေးမှာပေါ့။ လွှတ်တော်ခေါ်ရင်တော့ အဲ့ဒီအချိန်ကျမှ ဘာတွေ ရှေ့ဆက်လုပ် မလည်းဆိုတာ ဒေသခံတွေနဲ့ ပတ်သက်တဲ့ဟာ ဆက်ဆောင်ရွက်မှာပေါ့၊

 

တံတားနာမည်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးအောင်ကြည်သိန်း တယောက်တည်းရဲ့အမြင် ပြောပေးပါ။

ကျနော်တို့ ပါတီအနေနဲ့ ကြေညာချက်ထုတ်ပြန်ထားတာ ရှိပါတယ်၊ ချောင်းဆုံဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်းသာ ဖြစ်ပါတယ်ဆိုပြီးတော့ ကြေညာထားတာ ရှိပါတယ်၊ အဲ့ဒီ သဘောထားအတိုင်းပဲ ကျနော်တို့ ရပ်တည်ပါမယ်။