အသီးကိုဖျော်မသောက်ဘဲ စားပေးခြင်းက ကျန်းမာရေးအတွက်ပိုကောင်းမွန်

အသီးအနှံဖျော်ရည်များကိုသောက်သုံးခြင်းသည် ကျန်းမာရေးကိုအထောက်အကူပြုသည်ဟု အများကယုံကြည်နေ ကြသည်မှာ ကျယ်ပြန့်စွာသုတေသနပြုလေ့လာစမ်းသပ်ထားသည့် အဖြေများကြောင့်မဟုတ်ဘဲ လူတစ်ယောက်စ၊ နှစ်ယောက်စ၌ အကျိုးသက်ရောက်သည်ကိုတွေ့ရှိပြီးနောက် အယုံလွယ်သွားကြခြင်းသာဖြစ်ပြီး တစ်ကယ်တမ်း တွင် အသီးအနှံဖျော်ရည် များ၌ပါဝင်သည့် အချိုနှင့်သကြားဓါတ်တို့ကြောင့် သောက်သုံးသူများတွင် ကျန်းမာရေးကို အထောက်အကူပြုသည်ထက် ထိခိုက်စေသည်က ပိုများနိုင်သည်ကို ဂရုပြုရန်လိုအပ်ကြောင်း အမေရိကန် သုတေသီများက ပြောသည်။

 

အချို့က မနက်စာမှာ အဖတ်မစားဘဲ အရည်သောက်ကြပါတယ်။ သူ့ခန္ဓာကိုယ်အကျင့်နဲ့သူ နေလို့ထိုင်လို့ကောင်း တာ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းအတွက် တူတဲ့အကျိုးကျေးဇူးကို ပေးမယ်ဆိုတာမျိုးတော့ သိပ္ပံ နည်းကျ အထောက်အထားတွေ မရှိသေးပါဘူး။ ဒီတော့ မုန်လာဥနီတစ်လုံးကို ကြိတ်ပြီး အရည်ဖျော်သောက် လိုက်တာနဲ့ ကျန်းမာရေးကောင်းသွားပြီဆိုတာမျိုးတော့ လက်ခံဖို့ခက်ပါတယ်ဟု သုတေသီတစ်ဦးကပြောပြသည်။

ဖျော်ရည်ဖျော်သောက်ရာတွင် သကြားထပ်ထည့်ခြင်းကြောင့် ကယ်လိုရီမြင့်မားလာလေ့ရှိကြောင်း၊ အသီးကို ဖျော် ရည်ဖျော်သည့်အခါ အလွန်အရေးပါသော ဖိုက်ဘာတစ်ရှူးမျှင်များကို ဖယ်ထုတ်ပစ်ကြကြောင်း၊ သီးဖျော်ရည်ကို ဖျော်သောက်သည်ဆိုရာဝယ် တစ်ကယ်တမ်းတွင် ဗီတာမင်အနည်းငယ်သာပါသော သကြားရည်ကို သောက် နေသည်နှင့် တူနေကြောင်း၊ တစ်ကယ်တမ်းတွင် အသီးကိုဖျော်မသောက်ဘဲ သဘာဝအတိုင်းစားခြင်းကသာ ကျန်းမာရေးကို အထောက်အကူပြုမည့် အဟာရမျိုးစုံ ပါဝင်စေမည်ဖြစ်ကြောင်း သိရသည်။

ရှေးပဝေသဏီအချိန်ကစပြီး ယနေ့ထိထက်တိုင် အသီးအနှံများကို အရည်ဖျော်သောက်ရသည်ကို လူအများက နှစ်သက်ကြကြောင်း၊ အသီးတစ်ခုလုံးကို အရည်ဖျော်ပြီး သကြားထပ်မထည့်လျင် ကောင်းသော်လည်း အသီး၏ အဆီအနှစ်များကိုဖယ်ထုတ်ခြင်း၊ ဖိုက်ဘာတစ်ရှူးမျှင်များကိုဖယ်ထုတ်ခြင်း၊ သကြားထပ်ထည့်ခြင်း၊ ထို့အပြင် သောက်ကောင်းအောင်၊ အနံ့အရသာနှင့်ပြည့်စုံအောင် နည်းမျိုးစုံဖြင့် ပြင်ဆင်ခြင်းတို့ကြောင့် သစ်သီးဖျော်ရည်မှ ကယ်လိုရီအလွန်မြင့်သောဖျော်ရည် ဖြစ်မှန်းမသိဖြစ်လာကြောင်း၊ ထို့ကြောင်း အသီးအနှံဖျော်ရည် ဖျော်သောက် တိုင်း ကျန်းမာရေးနှင့်ညီညွှတ်သည်ဟု ယုံကြည်မှတ်ယူရန် မဖြစ်နိုင်ဘဲ ဂရုပြုရန်လိုအပ်ကြောင်း သုတေသီများက ဝေဖန်ထောက်ပြထားခြင်းဖြစ်ကြောင်း သိရသည်။