အောက်ခြေတွင် ပဋိပက္ခဖြစ်ပွားပါက စစ်ရေးအရ မဖြေရှင်းရန် SSPP နှင့် TNLA ပူးတွဲထုတ်ပြန်

အောက်ခြေတပ်ဖွဲ့များကြား ပဋိပက္ခဖြစ်ပွားပါက စစ်ရေးအရဖြေရှင်းခြင်းမပြုလုပ်ရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တအာင်းအဖွဲ့ (TNLA) တို့ နှစ်ဖက်သဘောတူညီချက်အရ ပူးတွဲညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

SSPP/SSA နှင့် TNLA ထိပ်ပိုင်းတာဝန်ရှိသူများက ဖေဖော်ဝါ ရီ ၂၈ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ ထို့နောက် နှစ်ဖက် ဗဟိုဌာနချုပ်    သဘောတူညီချက်အရ ပူးတွဲညွှန်ကြားချက်ကို မတ် ၄ ရက်တွင် ဖြန့်ဝေခဲ့ သည်။

ညွှန်ကြားချက်တွင် နှစ်ဖက်တပ်ဖွဲ့များ၊ ဒေသခံရှမ်းနှင့် တအာင်းအမျိုးသားပြည်သူများအနေဖြင့် ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် ပြောဆိုရေးသားလှုံ့ဆော်ခြင်းများ လုံးဝမပြုလုပ်ရန် ဖော်ပြထားသည်။

နှစ်ဖက်အဖွဲ့အစည်းများ၏ အောက်ခြေအချင်းချင်းကြား ပဋိက္ခဖြစ်ပွားခဲ့သည်ရှိသော် စစ်ရေးအရဖြေရှင်းခြင်းမပြုဘဲ အထက်အဆင့်ဆင့်နှင့် ဗဟိုကော်မတီထံ တင်ပြဖြေရှင်းရန် ညွှန်ကြားထားသည်။

ထို့အပြင် နှစ်ဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားဒေသများတွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းခြင်း၊ သတ် ဖြတ်ခြင်းများ မပြုလုပ်ရန်နှင့် ညွှန်ကြားချက်အပေါ် လိုက်နာခြင်းမရှိပါက အရေးယူမည်ဖြစ်ကြောင်း အောက်ခြေ တပ်ဖွဲ့များနှင့် ပြည်သူများထံ SSPP/SSA နှင့် TNLA က ပူးတွဲထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် SSPP/SSA နှင့် TNLA တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားခြင်းမရှိပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက SSPP/SSA နှင့် TNLA တို့ ပထမဆုံးအကြိမ်တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်ထိပ်ပိုင်းတာဝန်ရှိသူများ ညှိနှိုင်းမှုကြောင့် ပြေလည်မှုရရှိခဲ့သည်။

TNLA နှင့် အခြားသော ရှမ်း လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ (RCSS/SSA) တို့မှာ မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

# 7 Day Daily