၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကျင်းပရန် NCA လက်မှတ်ထိုးရှစ်ဖွဲ့နှင့် UNFC သဘောတူ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမတိုင်မီ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကျင်းပရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များဖြင့် စုဖွဲ့ထားသော UNFC တို့အကြား သဘောတူထားကြောင်း သတင်းရရှိသည်။

၂၀၁၆ ဇူလိုင်က ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသ၌ ပြုလုပ်ခဲ့သော တိုင်းရင်းသားမျက်နှာစုံညီ အစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်းများနှင့် ပတ်သက်၍ လက်မှတ်ထိုးရှစ်ဖွဲ့၏ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ (CT)နှင့် UNFC ၏ ကိုယ်စားလှယ်အဖွဲ့ DPN တို့သည် ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် ထိပ်သီးအစည်းအဝေးကျင်းပရန် သဘောတူခဲ့ကြောင်း သတင်း ရရှိသည်။

‘‘အဲဒီနေ့က ဆွေးနွေးတာက ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ လုပ်ခဲ့တဲ့ မိုင်ဂျာယန်မှာ နောက်ဆက်တွဲလုပ်စရာကို တာဝန် ပေးထားတာရှိတယ်။ အဲဒီအလုပ်အဖွဲ့တွေရဲ့ လုပ်ငန်းပြီးမြောက်မှုကို ပြန်ပြီး တင်ပြဖို့က မိုင်ဂျာယန်လို မျက်နှာစုံညီ အစည်းအဝေးခေါ်ပြီး အတည်ပြုရမယ့်အနေအထားဖြစ် နေတယ်’’ ဟု UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘ကျွန်တော်တို့က အဲဒီလိုခေါ်မယ်ဆိုရင်လည်း အချိန်က အကျပ်အတည်း ရှိတယ်ပေါ့။ အချိန် အကန့်အသတ် တအားကြီးတယ်ဆိုတော့ ဒီကြားထဲမှာ ထိပ်သီးအဆင့်လောက် မရောက်ရင်လည်း စီနီယာ ခေါင်းဆောင်ပိုင်းတွေ၊ နှစ်ဖက်လက်မှတ်မထိုးသေးတဲ့အဖွဲ့ရော၊ လက်မှတ်ထိုးတဲ့အဖွဲ့တွေရော ကိုယ်စားလှယ်တွေ စုစုံပြီး အဲဒီကိစ္စတွေ ဆွေးနွေးကြရင် ကောင်းမယ် ဆိုတဲ့ အယူအဆပါ’’ ဟု ပြောသည်။

မိုင်ဂျာယန်မျက်နှာစုံညီအ စည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေများ၌ပါဝင်ရမည့် အခြေခံမူများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများ၊ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ဆိုင်ရာမူဝါဒများ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စရပ်များကို ဘုံသဘောထား ရရှိရေးဆွေးနွေးရာ ဘုံသဘောထားအဖြစ် ရယူရန် လိုနေသေးသည့်အကြောင်းအရာများကို ဆက်လက်အတည် ပြုနိုင်ရေး CT နှင့် DPN တို့ နည်းလမ်းရှာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင် ဖက်ဒရယ်အခြေခံမူများကို ဦးစားပေး ဆွေးနွေး မည်ဖြစ်၍ ယင်းအခြေခံမူများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပေါင်းဆုံ စုစည်းနိုင်ရေး ထိပ်သီးအစည်း အဝေးခေါ်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု NCA လက်မှတ် ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို ယခင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပရန် သတ်မှတ် ထားသော်လည်း ယခုအခါ ယင်းကာလထက် နှစ်ပတ်ခန့် ရွှေ့ဆိုင်းထားသည်။

# 7 Day Daily