တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေရေးဆွဲနိုင်ခြင်းမရှိသေး

အစိုးရသစ်လက်ထက်တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် လုပ်ငန်း အတွေ့အကြုံနည်းပြီး လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံမှု မရှိသေးသည့် အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ရေးဆွဲနိုင်ခြင်းမရှိသေးကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ပြောကြားလိုက်သည်။

sai-mk

ဒေါက်တာစိုင်းမောက်ခမ်း မှ မေးမြန်းစဉ်

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေမှာ ၂၀၁၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း နည်းဥပဒေ ထွက်ပေါ်လာခြင်း မရှိသေးသည့်အတွက် နည်းဥပဒေကို ဘယ်အချိန်အပြီး ရေးဆွဲမလဲဆိုသည့်မေးခွန်းကို နိုဝင်ဘာ(၂၂)ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာစိုင်းမောက်ခမ်းက မေးမြန်းခဲ့ခြင်းကြောင့် ပြန်ထောင်စုဝန်ကြီးက ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နည်းဥပဒေရေးဆွဲနိုင်ခြင်းမရှိသေးသော်လည်း လုပ်ငန်းများကို အမိန့်၊ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက် သွားမည်ဖြစ်သလို နည်းဥပဒေရေးဆွဲသည့်အခါတွင်လည်း အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ အကြံပြုချက်များ ရယူသွားမည်ဖြစ်ကြောင်း ဦးနိုင်သက်လွင်က လွှတ်တော်တွင် ရှင်းလင်းဖြေကြားခဲ့သည်။

(၂၀၁၅-၂၀၁၆) နဲ့ (၂၀၁၆-၂၀၁၇) ခုနှစ် ဘဏ္ဍာရေးနှစ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်သည့် ရန်ပုံငွေ မပါရှိ တာကြောင့် (၂၀၁၇-၂၀၁၈) ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ထည့်သွင်းပြီး ဆောင်ရွက်သွားမယ်လို့လည်း ၀န်ကြီးကပြောခဲ့သည်။

တိုင်းရင်းသားများကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်မှု အားနည်းခဲ့ခြင်းကြောင့် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေဟာ ကာကွယ်စောင့်ရှောက်တဲ့အဓိပ္ပာယ် ဟုတ်၊ မဟုတ်ဆိုတာကိုလည်း က မေးမြန်းခဲ့သည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေဟာ ကူညီထောက်ပံ့သည့် အဓိပ္ပာယ် မဟုတ်ဘဲ နိုင်ငံတော်က တိုင်းရင်းသားများကို ကာကွယ် စောင့်ရှောက်ရမည့်တာဝန်ရှိသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အ၀ ရရှိစေရေး ဆောင် ရွက်လျက် ရှိခြင်းကြောင့် သီးခြားဥပဒေတစ်ခု ပြဋ္ဌာန်းသွားမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

Central News Bureau


Leave a Reply