မြန်မာနှင့်ကိုလံဘီယာ သံတမန်နှင့် အထူးပတ်စ်ပို့ ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့အကြား သံတမန်နှင့်အထူးပတ်စ်ပို့ ကိုင်ဆောင်ထားသူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်လက်မှတ် ရေးထိုး ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးမှုတွင် သံတမန်နှင့် အထူးပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) ကိုင်ဆောင်ထားသူများအတွက်သာ ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး  သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသူများအတွက် မပါဝင်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။

‘‘ရက်ပေါင်း ၉၀ နေထိုင်နိုင် မှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ သံတမန်တွေနဲ့အထူး ပတ်စ်ပို့သမားတွေ အတွက်ပေါ့။ အကုန်တော့ မဟုတ်သေးပါဘူး။ သံတမန်တွေ ကင်းလွတ်ခွင့်ရသွားတာပေါ့။ နောက်ပိုင်းကျမှ သာမန်နိုင်ငံကူးလက်မှတ်တွေအတွက် သွားတာပေါ့။ လောလောဆယ်စပြီး ထိုးလေ့ရှိတာတော့ သံတမန် ဗီဇာနဲ့ အထူးဗီဇာပဲ ထိုးလေ့ရှိပါတယ်။ လောလောဆယ်တော့ အနီပတ်စ်ပို့သမားတွေအတွက် မပါသေးဘူး။ နှစ်နိုင်ငံ အကြားမှာ အပြန်အလှန် အကျိုးစီးပွားများလာရင် သာမန်သမားတွေအတွက် လက်မှတ်ထိုးကြပါတယ်’’ဟု အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက 7Day Daily အား ပြောသည်။

သံတမန်နှင့် အထူးပတ်စ်ပို့ ကိုင်ဆောင်သူများအတွက် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ၂၀ ကျော်ရှိကြောင်း ၎င်းကပြောသည်။

‘‘စပိန်စကားပြောတဲ့ တိုင်းပြည်ကလူတွေ ဒီလာကြတာပေါ့။  ကျွန်တော်တို့ကတော့ သိပ်ပြီးမသွားကြပါဘူး။ ကျွန်တော်တို့ဆီက သွားတာက ပညာရေးကိစ္စပဲရှိကြပါတယ်။ သူတို့ကတော့ ဒီကိုလာလည်ကြတာရှိတယ်။ တစ်နှစ်ကို တစ်ထောင်လောက်တော့ ဒီလာကြတယ်’’ ဟု ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုး ကပြောကြားသည်။

နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် လက်မှတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်တင်နှင့် ကိုလံဘီယာ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Ms. Maria Angela Holguin Cuellar တို့သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ N

LD အစိုးရလက်ထက်တွင် စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ကို လက်မှတ်ရေးထိုးထားသည်။ စင်ကာပူနှင့် မြန်မာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအား ရက်ပေါင်း ၃၀ ကြာ နေထိုင်ခွင့်ပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံသည် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် အာဆီယံ ဒေသတွင်းနိုင်ငံများ အနက် မလေးရှားမှလွဲ၍ ကျန်သည့်ရှစ်နိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်ပြီဖြစ်သည်။ # 7 Day Daily


Leave a Reply