ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်မည်

13081804_1136480829709399_320826700_n

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာနှင့်ပတ်သက်၍ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်နိုင်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ကြိုင် က ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဗီဇာကြေးပြင်ဆင်သတ်မှတ်ခြင်း၊ နေခွင့်ကာလတိုးမြှင့်ခြင်း၊ ဗီဇာလျှောက်ထားရာတွင် လိုအပ်သည့် သတ်မှတ်ချက်များ ဖြေလျှော့ခြင်း များပြုလုပ်နိုင်ရန် ဗဟိုအဆင့်သို့ တင်ပြထားပြီးဖြစ်ကာ အတည်ပြု ဆုံးဖြတ်ရန် အဆင့်သာ ကျန်တော့ကြောင်း ၎င်းက ပြောကြားသည်။

‘‘အဆုံးအဖြတ်ပေးနိုင်မယ့် လူကြီးတွေက ခရီးလွန်နေကြတဲ့အတွက် အတည်ပြုဆုံးဖြတ်ပေးနိုင်တဲ့အဆင့် မရောက်သေးတာပါ။ နှစ်ပတ်အတွင်းတော့အတည် ပြုချက်ထွက်နိုင်ပါတယ်။ အတည်ပြုချက်ရတာနဲ့ တရားဝင် ထုတ်ပြန်ပေးပါမယ်’’ဟု ဦးမြင့်ကြိုင်က ပြောသည်။

ပြင်ဆင်ဖြေလျှော့မှုပြုလုပ်ရာတွင် ဖောင်းပွနေသည့် ဗီဇာကြေးများကို ပြင်ဆင်မည်ဖြစ်သော်လည်း သိသိသာသာ လျှော့ချပေးခြင်းမျိုး ပြုလုပ်ပေးမည်မဟုတ်ဟု ဆိုသည်။

‘‘ဗီဇာကြေးက နိုင်ငံတကာနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက တော်တော်ကို သက်သာနေတယ်ဆိုတော့ အများကြီး ထပ်လျှော့တာမျိုးတော့ လုပ်မှာမဟုတ်ဘူး။ သင့်တော် တဲ့ နှုန်းသတ်မှတ်ချက် ပြုလုပ်မှာပါ။ ဘယ်လောက်ဖြစ် မယ်ဆိုတာကတော့ အခုအချိန် မှာ မသိနိုင်သေးဘူး’’ဟု အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

ထို့အပြင် ပြည်ဝင်ခွင့်ဗီဇာ ခြောက်မျိုးဖြစ်သည့် လုပ်ငန်းဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေး ဗီဇာ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ဗီဇာ၊ ပညာရေးဗီဇာနှင့်ယာဉ် အမှုထမ်းဗီဇာတို့ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ရရှိရေးအတွက် နိုင်ငံ ခြားရေးရာ မူဝါဒကော်မတီသို့ တင်ပြထားကြောင်း သတင်းရရှိ သည်။

ထိုသို့ ပြင်ဆင်ဖြေလျှော့မှုများ ပြုလုပ်ရန် သက်ဆိုင်ရာဝန် ကြီးဌာနများ၏ သဘောထားမှတ်ချက်များ၊ ပြည်ပရှိ မြန်မာသံရုံးများနှင့် နိုင်ငံခြားသံရုံးများမှ အကြီးအကဲ များကလည်း အကြံပြုမှုများ ပြုလုပ်ခဲ့သည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြား သည်။

# 7 Day Daily


Leave a Reply