၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ် ၅၀၅ ဦးကို အမှုပေါင်း ၃၅၀ ဖြင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိဟု UEC ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ် ၅၀၅ ဦးကို အမှုပေါင်း ၃၅၀ ဖြင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“၂၀၂၀ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနဲ့ တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များမှာ ပါဝင် ပတ်သက်ခဲ့တဲ့ကြတဲ့ သမ္မတဟောင်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းနဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များအပါအဝင် ကျူးလွန်သူ ၅၀၅ ဦးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ဖို့ အမှုတွဲ ၃၅၀ ဖြင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်”ဟု UEC  အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

ပြီးစီးမှုအနေဖြင့် ကျူးလွန်သူ ၂၃၉ ဦး ကို အမှုတွဲအရေအတွက် ၁၉၅ မှုဖြင့် တရားစွဲဆိုရာတွင် ပြစ်ဒဏ်ချမှတ်ပြီးသည့်အမှု ၁၂၁ မှု၊ ပြစ်ဒဏ်ချမှတ်ရန် ကျန်ရှိသည့်အမှု ၇၄ မှုနှင့် ကျန်ရှိနေသည့် အမှုများကို ဆက်လက်စွဲဆို ဆောင်ရွက်လျက်ရှိကြောင်း ဦးခင်မောင်ဦးက ပြောကြားသည်။

ထို့အတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်၊ လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့သော ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ပေါင်း ၂၄၄၉ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ဆက်စပ်၍ ပြစ်မှုကျူးလွန်သူ ၂၁၉၁ ဦးကို အမှုတွဲအရေအတွက် ၃၇၅ မှုနှင့် တရားစွဲဆိုခဲ့ရာတွင် ပြစ်ဒဏ်ချမှတ်ပြီးသည့်အမှု ၃၇၄ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန် တစ်မှုသာကျန်ရှိတော့ကြောင်း ဦးခင်မောင်ဦးက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၀၇ မှုရှိခဲ့ပြီး အဆိုပါ အမှုများထဲမှ ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၅၄၆ မှုရှိကြောင်း၊ အဆိုပါ အမှုများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ ရရှိထားသော စာရင်းဇယားများအရ တရားစွဲတင်ပြီးသည့်အမှု ၃၄၅ မှု၊ ပိတ်သိမ်းပြီးသည့်အမှု ၂၀၀ နှင့် ဥပဒေအကြံပြုချက် တောင်းခံထားသည့် အမှုတစ်မှုတို့ရှိကြောင်း UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

ထို့ပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲနှစ်ကြိမ် ပေးခဲ့သူများကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။  source:elevenmedia