ကွန်ဂိုရေဘေးကြောင့် သေဆုံးသူ ၄၀၁ ဦးအထိ ရှိလာ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းကျေးရွာနှစ်ရွာ၌ လွန်ခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများကြောင့် သေဆုံးခဲ့ရသူအရေအတွက်မှာ ၄၀၁ ဦးအထိရှိ လာပြီးဖြစ်ကြောင်း ကွန်ဂိုတာဝန်ရှိသူများက မေ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တောင်ကီဗူးပြည်နယ် ကာလီဟီဒေသ၌ မေ ၄ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြောင်းများ ရေမျက်နှာပြင်မြင့်တက်ခဲ့ရာ ကျေးရွာနှစ်ရွာ၌ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရသည်။
မေ ၅ ရက် တစ်ရက်တည်းတွင် ရေလွှမ်းမိုးမှုများကြောင့် ဘူရှူရှူကျေးရွာနှင့် ညာမူကူဘီ အမည်ရှိကျေးရွာတို့၌ အနည်းဆုံး လူပေါင်း ၁၇၆ ဦး သေဆုံးခဲ့ရကြောင်း ကွန်ဂိုတာဝန်ရှိသူများက ပြောကြားထားသည်။
သို့ရာတွင် ရှာဖွေကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ရာ မေ ၈ ရက်အရောက်တွင် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၄၀၁ ဦးအထိ ရှိလာပြီးဖြစ်ကြောင်းသိရသည်။
ကွန်ဂိုအစိုးရသည် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သော ကာလီဟီဒေသသို့အစိုးရကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ပြီး မေ ၈ ရက်ကို အမျိုးသားအောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

-Ref:Reuters