Madrid Spain Master ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်ရည်စစ်ပွဲ မအောင်မြင်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ် ၂၈ ရက်မှစတင်၍ စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပသည့် Madrid Spain Master ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ဆွစ်ဇာလန်နိုင်ငံသူ စတာဒယ်မန်နှင့် တွေ့ဆုံခဲ့ပြီး (၂-၁) ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၂-၂၀ မှတ်ဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲငယ်တွင် ၂၁-၁၆ မှတ်၊ တတိယပွဲ ငယ်တွင် ၂၁-၁၈ မှတ်ဖြင့် အရေးနိမ့်သဖြင့် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ဥရောပခရီးစဉ် တတိယမြောက်ပြိုင်ပွဲအဖြစ် Madrid Spain Master ကြက်တောင်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုပြိုင်ပွဲမတိုင်မီ ဂျာမန်အိုးပင်းကြက်တောင်ပြိုင်ပွဲနှင့် ဆွစ်အိုးပင်း ကြက်တောင် ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ရာ ပထမအဆင့်မှ ထွက်ခဲ့ရသည်။

သက်ထားသူဇာသည် မတ်လပထမပတ် မှစတင်ကာ ဥရောပနိုင်ငံများ၌ကျင်းပနေသည့် BWF ကြက်တောင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ဧပြီလအထိ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ သက်ထားသူဇာသည် ယခုနှစ်အတွင်း ပြိုင်ပွဲလေးခု ယှဉ်ပြိုင်ထားပြီး အောင်မြင်မှုရယူနိုင်ခြင်းမရှိသေးပေ။

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြောက်နှစ်ဆက်တိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိသည်။ သက်ထား သူဇာသည် BWF ပြိုင်ပွဲများတွင် အောင်မြင်မှု ရယူနိုင်ခဲ့သလို တိုကျိုအိုလံပစ်ပြိုင်ပွဲလည်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။