ကြီးမားတဲ့ သပိတ်ဖြစ်ပေါ်ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က တရားရေးပြောင်းလဲရေးအစီအစဉ်ကို ဆိုင်းငံ့

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမားတဲ့ သပိတ်ဖြစ်ပေါ်လာခဲ့ပြီးနောက် တရားရေးစနစ် အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဆိုင်းငံ့လိုက်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟု က ပြောကြားပါတယ်။

ပြည်သူလူထုကြား ပေါက်ကွဲမှုကို တားဆီးဖို့ တရားရေးစနစ်ပြုပြင်ပြောင်းလဲရေး ဥပဒေကို ရပ်တန့်ထားမယ်လို့ နာတာညာဟု က တနင်္လာနေ့ညက ပြောပါတယ်။

သူ့ရဲ့ အစီအစဉ်တွေကို ဆန့်ကျင်ကြောင်းပြောကြားခဲ့လို့ ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ခဲ့ပြီးနောက်မှာ ကြီးမားပြင်းထန်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

နာတာညာဟုရဲ့ လုပ်ရပ်ကြောင့် အစ္စရေးနိုင်ငံရဲ့ သမိုင်းမှာ အကြီးမားဆုံး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့တယ်လို့ အတိုက်အခံခေါင်းဆောင် ယာလာပစ် က ပြောကြားပါတယ်။

အစ္စရေးရဲ့ လက်ယာစွန်းအကျဆုံးအစိုးရက တရားရုံးချုပ်တရားသူကြီးတွေကို ခန့်အပ်တဲ့ကော်မတီကို ပြတ်ပြတ် သားသား ထိန်းချုပ်ဖို့ ကြိုးစားနေသလို တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို ပါလီမန်က သာမန်လူများစု မဲခွဲ ဆုံးဖြတ်မှုနဲ့ လွမ်းမိုးခွင့်ပေးရေးကိုလည်း ပစ်မှတ်ထားနေတာကြောင့် လူအများအပြားရဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

-Ref: BBC