ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားဟုယူဆရသည့် အလောင်းသုံးလောင်းတွေ့ရှိ

ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ စွန်ခရာခရိုင်၊ တောအုပ်ထဲရှိအမှိုက်ပုံ၌ မြန်မာနိုင်ငံသားဟုယူဆရသည့် အလောင်း သုံးလောင်းကို ယမန်နေ့ (မတ် ၁၅ ရက်) နံနက် ၇ နာရီတွင်တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါအလောင်းများကို ယတ်ယိုင်ဒေသနှင့် ဘန့်ကလန်းဒေသကြား လမ်းမကြီးနှင့် မီတာ ၂၀၀ ခန့်အကွာရှိ စွန့်ပစ်အမှိုက်ပုံ၌ အမှိုက်ကောက်သူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှရွေ့ပြောင်း အလုပ်သမားများ ဖြစ်ကြောင်း၊ အသက် (၄၀) ဝန်းကျင်အရွယ်နှစ်ဦးနှင့် အသက် (၁၈)နှစ် အရွယ်တစ်ဦးတို့ဖြစ်ကြောင်း ထိုင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။

အလောင်းများကို အဝတ်အိတ်များ၊ ပလတ်စတစ်အိတ်များဖြင့် ဖုံးအုပ်ထားသည်ကိုတွေ့ရပြီး ပြီးခဲ့သည့် နှစ်ရက် (သို့မဟုတ်) သုံးရက်ခန့်ကသေဆုံးခဲ့သည်ဟုခန့်မှန်းထားကြောင်း၊ အလောင်းတစ်လောင်းတွင်လက်နှင့်ခြေတို့ကို အဝတ်အစားဖြင့်ချည်နှောင်ထားကာ လည်ပင်းတွင်ပြတ်ရှဒဏ်ရာများတွေ့ရှိရပြီး ကျန်နှစ်ဦးတွင် ရိုက်နှက်ခံထားရ သည့် ဒဏ်ရာများတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့များက သတင်းမီဒီယာများကိုပြောဆိုထားသည်။

သေဆုံးသူများ၏အလောင်းများကို ယတ်ယိုင်ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် ထိုင်းရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။