ZTE က မျက်မှန် မလိုဘဲ 3D ကြည့်လို့ရတဲ့ Nubia Pad 3D ကို ကြေညာ

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က 3D တွေ ခေတ်စားခဲ့ပြီး တီဗီနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ 3D ကြည့်နိုင်တဲ့ ကုန်ပစ္စည်းတွေကို အပြိုင်အဆိုင် ဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနည်းပညာဟာ နောက်ပိုင်းမှာ ပျောက်ချက်သားကောင်းသွားခဲ့ပါတယ်။ အခုတော့ ZTE က Mobile World Congress (MWC) 2023 မှာ မျက်မှန် မလိုဘဲ 3D ကြည့်နိုင်တဲ့ Nubia Pad 3D ကို ကြေညာလိုက်ပါတယ်။

Nubia Pad 3D ကို 3D မျက်နှာပြင် ဟာ့ဒ်ဝဲနဲ့ Content တွေကို အဓိက ဖန်တီးနေတဲ့ Leia Inc ကုမ္ပဏီနဲ့ အတူ ဖန်တီးထားတာပါ။ Nubia Pad 3D မှာ ၁၂.၄ လက်မ IPS LCD 2560x1600p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်မှာ Leia Inc က ဖန်တီးထားတဲ့ DLB Layer နဲ့ Leia 3D Lightfield Mode ပါပြီး ဆော့ဖ်ဝဲနဲ့ 2D Content ကို 3D အဖြစ် ပြောင်းပေးနိုင်ပါတယ်။

အရှေ့ဘက် 8MP ကင်မရာ ၂ လုံးက User ရဲ့ မျက်နှာကို အာရုံခံနိုင်ပြီး မျက်မှန် မလိုဘဲ 3D Content တွေကို ပြသပေးနိုင်ပါတယ်။ 3D Content တွေ ကြည့်နိုင်ရုံသာမက 3D ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ ကင်မရာ ၂ လုံးနဲ့ အနောက် 16MP ကင်မရာတွေကနေ အရာဝတ္ထုတွေကို Scan လုပ်နိုင်ပြီး 3D Content အဖြစ် ဖန်တီးနိုင်ပါတယ်။

Nubia Pad 3D မှာ Snapdragon 888 Chipset မောင်းနှင်ထားပြီး 128/256GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ 33W Fast Charging ပါတဲ့ 9,700mAh ဘက်ထရီနဲ့ Android 13 ထည့်ထားပါတယ်။

တက်ဘလက်မှာ Leia 3D App များစွာ ပါလာပြီး 3D Game ၅၀ ကျော်နဲ့ 3D Educational App ၁၂၀၀ ကျော် ရှိတဲ့ Leia Appstore ကို သုံးနိုင်ပါတယ်။

ZTE Nubia Pad 3D ကို မတ်လ ၂၅ ရက်နေ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့ ရောင်းမှာပါ။ ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပါဘူး။

 

Ref : gsmarena