လာမည့်နွေရာသီတွင် အနည်းဆုံး နာမည်ကျော်ကစားသမား (၂) ဦး ခေါ်ယူရန် မန်ယူနည်းပြ တန်ဟက်ဂ် ပစ်မှတ်ထား

မန်ယူနည်းပြ တန်ဟက်ဂ်သည် လာမည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် အနည်းဆုံး နာမည်ကျော် ကစားသမား (၂) ဦး ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Manchester Evening News က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် လာမည့်နွေတွင် အထောင်တိုက်စစ်မှူးတစ်ဦးနှင့် ကွင်းလယ်ကစားသမားတစ်ဦးကို ဦးစားပေးခေါ်ယူရန် ပစ်မှတ်ထားနေပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းရား ထွက်ခွာပါက ၎င်းနေရာအစားထိုးရန် ဗဟိုခံစစ်မှူးတစ်ဦးပါ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

မန်ယူအသင်းကို ယခုရာသီမှာမှ စတင်ကိုင်တွယ်ခဲ့သည့် တန်ဟက်ဂ်သည် ပထမဆုံးရာသီတွင် လိဂ်ဖလားရယူပြီး အသင်း၏ (၆)နှစ်ကျော်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ပေးခဲ့သည်။

ထို့ပြင် မန်ယူအသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နှင့် FA ဖလားတို့တွင်လည်း ချန်ပီယံ ဆုများကို မျှော်လင့်နိုင်ဆဲဖြစ်သည်။

ထို့ကြောင့် မန်ယူအသင်းသည် လာမည့်နွေတွင် အသင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေခြင်းဖြစ်သည်။

Manchester Evening News ၏ဖော်ပြချက်အရ မန်ယူနည်းပြ တန်ဟက်ဂ်သည် တိုက်စစ်ပိုင်းအတွက် နာပိုလီတိုက်စစ်မှူး အိုဆင်မန်၊ စပါးတိုက်စစ်မှူး ဟာရီကိန်းနှင့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂွန်စာလိုဟယ်မို့စ် တို့ကို ပစ်မှတ်ထားနေပြီး ကွင်းလယ်အတွက် ကာလရှည်ပစ်မှတ်ဖြစ်သည့် ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်း နှင့် ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်တို့ကို ခေါ်ယူလိုနေကြောင်း သိရသည်။