တက္ကသိုလ် နေ့သင်တန်းများ အားလုံးဖွင့်လှစ်မည်

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ နေ့သင်တန်းအားလုံးကို ဖွင့်လှစ်သွားမယ်လို့ ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနက အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖွင့်လှစ်သွားမယ့် သင်တန်းတွေကတော့ ပထမနှစ် (ဒုတိယနှစ်ဝက်) နဲ့ ဒုတိယနှစ်ကနေ မဟာဘွဲ့ သင်တန်း တွေအထိ နေ့သင်တန်း အားလုံးကို လာမယ့် နိုဝင်ဘာ ၁၀ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူတွေအတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းတွေ ကိုလည်း လာမယ့် နိုဝင်ဘာ ၂၁ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုတော့ ကျောင်းသူ ကျောင်းသား  နှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော်အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံးအောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူတွေနဲ့ ဝင်ရောက်ဖြေဆိုတာမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးအကြိမ် ဖြေဆိုခွင့် လျှောက်လွှာ တင်သွင်းမှုကို လာမယ့် အောက်တိုဘာ ၃၁ ရက်အထိ တိုးမြှင့်လက်ခံပေးထားတယ်လို့လည်း သိရပါတယ်။