ကိုဗစ်ဆိုင်ရာနယ်စပ်ထိန်းချုပ်မှုများ ဂျပန်ရုပ်သိမ်း

ဂျပန်နိုင်ငံအစိုးရက ကိုဗစ်ကပ်ဘေးဆိုင်ရာ နယ်စပ်ထိန်းချုပ်မှုတွေအများစုကို အင်္ဂါနေ့က ရုပ်သိမ်းလိုက်ပြီဖြစ် ပါတယ်။ package အစီအစဉ်နဲ့ မှတ်ပုံတင်ထားတာမရှိတဲ့ တစ်ဦးချင်းကမ္ဘာလှည့်ခရီးသွားတွေကိုလည်း (၂)နှစ် ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအတွင်း ဝင်ခွင့်ပြုလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်၊ တောင်ကိုရီးယား၊ ဗြိတိန်နိုင်ငံတို့ အပါအဝင် ဒေသတွင်း နဲ့ တခြားနိုင်ငံပေါင်း (၆၈)နိုင်ငံက ကာလတို ခရီးသွားတွေအတွက်လည်း ဗီဇာကင်းလွတ်ခွင့် အစီအစဉ်တစ်ရပ်ကို ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ဒေသတွင်း လေဆိပ်တွေနဲ့ ဆိပ်ကမ်းတွေမှာ နိုင်ငံတကာ လေယာဉ်တွေ နဲ့ သင်္ဘောတွေကိုလည်း တဖြည်းဖြည်း ပြန်လည် လက်ခံလာတော့မယ်လို့မျှော်လင့်ရပါတယ်။

ဂျပန်နိုင်ငံကိုလာတဲ့ ခရီးသွားတွေအနေနဲ့ ကိုဗစ်ကူးစက်ခံရတဲ့ လက္ခဏာ မပြမချင်း ဗိုင်းရပ်စ်စစ်ဆေးတာကို လုပ်စရာမလိုသလို သီးသန့်ခွဲနေခိုင်းတာမျိုးလည်း မလုပ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ (၇၂)နာရီအတွင်း ကိုဗစ်စစ်ဆေးချက် ပိုးမတွေ့အဖြေ (ဒါမှမဟုတ်) ကိုဗစ်ကာကွယ်ဆေး (၃)လုံးထိုးထားတဲ့ အထောက်အထားတော့ လိုအပ်မှာပါ။ ဂျပန်နိုင်ငံဟာ သူတို့နိုင်ငံကို ကိုဗစ်ရောဂါစတင်ပြန့်နှံ့ ခဲ့တဲ့ (၂၀၂၀)ခုနှစ် ဖေဖော်ဝါရီလကတည်းက ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကို တင်းကျပ်ခဲ့တာဖြစ်ပြီး အခုမှ ပြန်လည် ရုပ်သိမ်းပေးတာဖြစ်ပါတယ်။