အမေရိကန်နိုင်ငံသားများ ယူကရိန်းမြို့တော်မှ ထွက်ခွာကြရန် သံရုံး သတိပေး

ယူကရိန်းစစ်ပွဲ အချိန်ခြောက်လကြာလာချိန် ရုရှားက လာမယ့်ရက်နည်းငယ်အတွင်း  မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်တဲ့အတွက် ယူကရိန်းနိုင်ငံကနေ ထွက်ခွာဖို့ အမေရိကန်အစိုးရက  သူ့နိုင်ငံသားတွေကို  သြဂုတ်၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ယူကရိန်းအစိုးရဟာ ဩဂုတ် ၂၄ ရက်နေ့မှာ ဆိုဗီယက်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို တားမြစ် ပိတ်ပင်ခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက ခုလို သတိပေးထုတ်ပြန်လိုက်တာပါ။

ရုရှားရဲ့ တိုက်ခိုက်နိုင်ခြေ မြင့်တက်လာမှာကို စိုးရိမ်လို့ မြို့တော် ကိယက်ဗ်မှာရှိတဲ့ အမေရိကန်သံရုံးကနေ တတ်နိုင်ရင် ထွက်ခွာကြဖို့ကိုလည်း အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။“ယူကရိန်းရဲ့ အရပ်သားအခြေခံအဆောက်အအုံနဲ့ အစိုးရအဆောက်အအုံတွေကို လာမယ့်ရက်ပိုင်းအတွင်း တိုက်ခိုက်ဖို့ ရုရှားက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သတင်းရထားတယ်” လို့  သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့  အန္တရာယ်ကင်းရှင်းတယ်ဆိုရင် ကိုယ်ပိုင်နည်းလမ်းနဲ့ ယူကရိန်းကနေ အခုထွက်ခွာသင့်တယ်လို့လည်းဆိုပါတယ်။ရုရှားမြို့တော် မော်စကိုမြို့နားမှာ စနေနေ့က ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ထင်ရှားတဲ့ ရုရှားအမျိုးသားရေးဝါဒီ တစ်ဦးရဲ့ သမီး ဒါရီယာဒူဂျီနာ သတ်ဖြတ်ခံရအပြီးမှာ ခုလိုတိုက်တွန်းတာပါ။ရုရှားအစိုးရက ယူကရိန်းသူလျှိုတွေ သတ်တာလို့ အပြစ်တင်ခဲ့ပြီး စွပ်စွဲချက်တွေကို ယူကရိန်းအစိုးရက ငြင်းဆိုထားပါတယ်။  dvb