နောက်ခံလူ ဒီလစ်ကို ဘိုင်ယန်မြူးနစ်အသင်းခေါ်ယူ

ဂျူဗင်တပ်အသင်းမှ နယ်သာလန်နောက်တန်းလူ ဒီလစ်ကို ၂၀၂၇ ခုနစ် အထိစာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ ဂျာမနီချန်ပီယံ ဘိုင်ယန်မြူးနစ်က ပြောကြားပါတယ်။ ဘိုင်ယန်က ဒီလစ်ကို ယူရို ၆၇ သန်းနဲ့ ခေါ်ယူလိုက်တာ ဖြစ်ပြီး အပိုဆုကြေး နောက်ထပ် ၁၀ သန်း လည်း ပေးရဖွယ်ရှိပါတယ်။

“ ဒီလစ်က ကျွန်တော်တို့ရဲ ထိပ်တန်းပစ်မှတ်ပါ။ ဒီလိုခေါ်ယူမှုမျိုးတွေနဲ့ ဘိုင်ယန်က ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေကို အောင်မြင်နိုင်မှာပါ။”လို့ ဘိုင်ယန် ဥက္ကဌ ဟားဘတ်ဟိုင်နာက ထုတ်ပြန်ပြောကြားပါတယ်။ ဒီလစ်က ၂၀၁၉ တုန်းက အေဂျက်စ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့ပြီး စီးရီးအေဖလား၊ အီတလီယာဖလားနဲ့ အီတလီ စူပါဖလားတွေကို ရရှိခဲ့ပါတယ်။ ပြီးခဲတဲ့ ရာသီကတော့ ဂျူဗင်တပ်နဲ့ ဖလားလက်မဲ့ ဖြစ်ခဲ့ပါတယ်။ မိမိကို ခေါ်ယူမှုအစပြုချိန်ကတည်းက စီမံခန့်ခွဲမှုအဖွဲ့၊ နည်းပြနဲ့ ဘုတ်အဖွဲ့ထံကနေ တန်ဖိုးထားမှုတွေ ရရှိခဲ့လို့ မိမိပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တယ်လို့ ဒီလစ်ကပြောပါတယ်။ သူက အသက် ၂၂ နှစ်သာ ရှိသေးပေမယ့် နယ်သာလန်အတွက် ၃၈ ပွဲ ကစားပြီး ဖြစ်ပါတယ်။ ဘာစီလိုနာကို ထွက်ခွာသွားတဲ့ လီဝန်ဒေါစကီးနေရာကို ရောက်လာတဲ့ လီဗာပူးက ဆာဒီယိုမာနေးပြီးရင် ဒီနှစ်မှာဘိုင်ယန်က ခေါ်ယူလိုက်နိုင်တဲ့ နောက်ထပ် နာမည်ကျော်တစ်ဦး ဖြစ်လာပါတယ်။