လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ပွဲစဉ် အားလုံးကို အောင်သူ ပါဝင် ကစားခွင့် ရရှိ

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတွင် သွားရောက် ကစားနေသော မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး အောင်သူ သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းမှုဖြင့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ ယူ-၂၃ အသင်းနှင့်အတူ ပွဲစဉ်အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော် က ပြောသည်။

”အစတုန်းက Police Tero အသင်းက သူတို့ပွဲရှိနေလို့ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို အောင်သူပါဝင်ဖို့ အခက်အခဲ ရှိနေတယ်။ တစ်ပွဲလောက်ယှဉ်ပြိုင်စေဖို့ ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ Police Tero အသင်းက အောင်သူကို ကစားခွင့်ပြုလိုက်ပါပြီ။ အောင်သူ မြန်မာ ယူ-၂၃ အသင်းနဲ့ ပွဲစဉ်အားလုံး ယှဉ်ပြိုင်ခွင့်ရရှိပါပြီ။ ဒါပေမဲ့ ပွဲထွက်ခွင့် ရဖို့က နည်းပြချုပ် အပေါ်မှာပဲ မူတည်ပါတယ်” ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ ဥပဒေအရ လက်ရွေးစင် ကစားသမားများသည် ကလပ်အသင်းမှ စေလွှတ်မည် ဆိုပါက ဖီဖာ၊ အာရှ၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ်များ၏ အသိအမှတ်ပြု လက်ရွေးစင် စီနီယာ အသင်းပြိုင်ပွဲ များတွင်သာ ယှဉ်ပြိုင်ခွင့် ရရှိသော်လည်း လက်ရှိတွင် မြန်မာ့လက်ရွေးစင် ကစားသမား အောင်သူ အနေဖြင့် သက်တမ်းအလိုက် မြန်မာယူ-၂၃ အသင်းနှင့်အတူ ဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ရရှိခြင်းဖြစ်သည်။

ထို့ပြင် အောင်သူ အနေဖြင့် အာရှအားကစားပွဲတော်တွင် မြန်မာ ယူ-၂၃ အသင်းနှင့်အတူ ပါဝင်ခွင့်ကိုလည်း Police Tero အသင်းက ခွင့်ပြုပေးကြောင်း သိရသည်။ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ တစ်ရက် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းမှာ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်တွင် တောင်ကိုရီးယား ယူ-၁၉ အသင်း၊ သြဂုတ် ၃ ရက်တွင် ဘာရိန်း ယူ-၂၃အသင်း၊ သြဂုတ် ၅ ရက်တွင် ထိုင်း ယူ-၂၃ အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ယင်းပြိုင်ပွဲကို ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံး အသင်းမှာ ချန်ပီယံဆုရရှိမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ