တောင်ငူခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနှင့် ရိက္ခာအခက်အခဲများ ရင်ဆိုင်နေရ

တောင်ငူခရိုင် ဒေါ်ဖခိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာတိမ်း ရှောင်နေရပြီး နေရာထိုင်ခင်းနှင့် ရိက္ခာအခက်အခဲများ ရင်ဆိုင်နေရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ဇူလိုင် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အတွင်း တောင်ငူခရိုင် ဒေါ်ဖခိုမြို့နယ် တာပူဒေသအတွင်းရှိ မင်းလမ်းတောင်ရွာ၊ ဆင်အံတောင်ရွာ၊ မိအိကြီးရွာ၊ မိအိကြီးရွာသစ်ကုန်းစုစည်းရွာ၊ ကျွဲကျ ထက်/အောက်ရွာ၊ ဘောဓိကုန်းရွာ၊ လယ်သာရွာ၊ ဂွေးသဲရွာ၊ ဖြတ်လမ်းဆုံရွာ ဒေသတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါထိတွေ့ပစ်ခတ်မှုများအတွင်း ကျေးရွာများသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိအိကြီးရွာ၊ စုစည်းရွာ၊ ဘောဓိကုန်းရွာ၊ မိအိကြီးရွာသစ်ကုန်း စသည့်ရွာများမှ အိမ်ခြေ ၆၃၀ ခန့်နှင့် ခန့်မှန်းလူဦးရေ ၂,၆ဝဝကျော် မှာ ထီးဒေးကရူနှင့် ရှမ်းလယ်ပြင်ကရူ ဒေသများသို့ ပြောင်းရွှေ့နေထိုင်နေရပြီး မိုးတွင်း ကာလဖြစ်သည့်အတွက် နေရာထိုင်ခင်းနှင့် ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source:Eleven