မြဝတီနယ်စပ်ကုန်သွယ်ဇုန်မှ ပြည်ပသို့ ပို့မည့် ပို့ကုန်များ ကန်ဒေါ်လာဖြင့်သာ ဈေးနှုန်းသတ်မှတ်ခွင့်ပြုတော့မည်

မြဝတီနယ်စပ်မှ တဆင့် ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အားလုံးကို ဇူလိုင်လ (၁) ရက်မှ စတင်ကာ အမေရိကန်ဒေါ်လာဖြင့်သာ တန်ဖိုးသတ်မှတ် တင်ပို့ခွင့် ပြုတော့မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့ထံမှ သိရသည်။ ယင်းသို့ တင်ပို့ပြီးပါကလည်း ပို့ကုန်ရငွေ ဝင်ရောက်ပြီးကြောင်း ဘဏ်စလစ်ပြနိုင်မှသာ နောက်တစ်ကြိမ် ထပ်မံတင်ပို့နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုင်း – မြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်မှ တဆင့် ထိုင်းအပါအဝင်  ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ထွက် ပစ္စည်းများ ၊ စပါး၊ ဆီထွက်သီးနှံများ၊ ရာဘာ ၊ ပြောင်း၊ စသဖြင့် တင်ပို့လျက်ရှိသည်။

လက်ရှိတွင် စာရင်းမှတ်ပုံစံဖြင့် ဝင်ရောက်ထားသောပြောင်းဆံများနှင့် လမ်းကြောင်းပေါ်တွင် ရှိနေသော ပြောင်းဆံများကိုလာမည့် ဇူလိုင်လ (၁)ရက်နေ့မှစ၍ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀) ဖြင့် လိုင်စင်လျှောက်ခွင့် ပြုမည်ဟုလည်း သိရသည်။

လိုင်စင်ရှိပြီး ED ဖွင့်ပြီးသား ကားများကို ယနေ့ ဇွန်လ ၂၆ ရက်တွင် ဇုန်အတွင်း ဝင်ခွင့်ပြုမည် ဖြစ်သော်လည်း ED မဖွင့်ရသေးသည့် ကားများကို ဇူလိုင် (၁) ရက်နေ့မှသာ ဝင်ရောက်ခွင့်ပေးမည်ဖြစ်ပြီး သတ်မှတ်စျေး တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၆၀ ဖြင့် ED ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဆီထွက်သီးနှံ တင်ပို့မှုကိုလည်း လာမည့် ဇူလိုင်လ (၁) ရက်မှ စတင်၍   လိုင်စင်ဖြင့်သာ တင်ပို့ခွင့် ရှိတော့မည် ဖြစ်ကြောင်း  သိရသည်။ ယခင်က လိုင်စင်မရှိဘဲ တင်ပို့၍ရနေသော်လည်း ယခု မူဝါဒ အပြောင်းအလဲကြောင့် အခက်အခဲနှင့် ကြန့်ကြမှု အချို့ ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။