တစ်ကမ္ဘာလုံးမှာ နျူးကလီးယားလက်နက်တွေများလာလိမ့်မယ်လို့ ပညာရှင်အဖွဲ့ ပြောကြား

စစ်အေးခေတ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ တစ်ကမ္ဘာလုံးမှာ နျူးကလီးယားလက်နက်တွေ တိုးတက်များပြား လာနိုင်ကြောင်းနဲ့ နျူလက်နက်တွေ အသုံးပြုနိုင်တဲ့အန္တရာယ်လည်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးဖြစ်နေကြောင်း ပဋိပက္ခနဲ့လက်နက်တပ်ဆင်ရေးကို စောင့်ကြည်လေ့လာနေတဲ့ ပညာရှင်အဖွဲ့ တစ်ဖွဲ့ကပြောပါတယ်။

ရုရှားက ယူကရိန်းကိုကျူးကျော်တာနဲ့ အနောက်တိုင်းက ယူကရိန်းကိုထောက်ခံနေတာတွေက ကမ္ဘာ့နျူးကလီးယားအင်အားကြီးနိုင်ငံ ကိုးနိုင်ငံကြားက တင်းမာမှုတွေကို မြင့်တက်လာစေခဲ့တယ်လို့ စတော့ဟုမ်းမြို့ အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI) ရဲ့စာတမ်းသစ်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ဇန်နဝါရီလကနေ ၂၀၂၂ ဇန်နဝါရီလကြားမှာ နျူလက်နက်အရေအတွက် အနည်းငယ် ကျဆင်း သွားခဲ့ပေမယ့်လည်း နျူအင်အားကြီးနိုင်ငံတွေက ချက်ချင်းကိုင်တွယ်အရေးယူတာမလုပ်ခဲ့ရင် ကမ္ဘာပေါ်က နျူးကလီးယားထိပ်ဖူးအရေအတွက်တွေ မကြာခင်များပြားလာလိမ့်မယ်လို့ SIPRI ကပြောကြားပါတယ်။

“နျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေအားလုံးက သူ့တို့ရဲ့လက်နက်တွေကို တိုးပွားအောင်နဲ့ အဆင့်မြှင့်တင်တာတွေလုပ်နေကြပြီး သူတို့ရဲ့စစ်ရေးမဟာဗျူဟာတွေမှာ နျူးကလီးယားလက်နက်တွေရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ပြောဆိုနေကြတယ်” လို့ SIPRI ရဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်သောလက်နက်များ စောင့်ကြည့်ရေးအစီအစဉ် ဒါရိုက်တာ ဝီးလ်ဖရက်ဒ်ဝမ် က သူတို့ရဲ့ ၂၀၂၂ အစီရင်ခံစာ စာအုပ်မှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘာမှာ ရုရှားက နျူးကလီးယားလက်နက်အများဆုံး ပိုင်ဆိုင်ပြီး နျူထိပ်ဖူးပေါင်း ၅၉၇၇ ပိုင်ဆိုင်ကာ အမေရိကန်ထက် ၅၅၀ ပိုများပါတယ်။ သူတို့နှစ်နိုင်ငံက ကမ္ဘာ့နျူထိပ်ဖူး ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြပေမယ့် တရုတ်နိုင်ငံက တိုးချဲ့ဖို့လုပ်နေကြောင်း SIPRI ကပြောပါတယ်။

-Ref : Reuters/ec