တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

တိုင်ဖွန်းမုန်တိုင်း ဆူးလီဟာ တောင်ကိုရီးယားနိုင်ငံကို သြဂုတ် ၂၃ ရက်မှာ ချဉ်းကပ်လာတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ပါတယ်။ မုန်တိုင်းကြောင့် ဂင်ပိုလေဆိပ်က လေယာဉ်ခရီးစဉ် ၂၈၀ နီးပါးနဲ့ ဂျယ်ဂျူးလေဆိပ်က လေယာဉ်ခရီးစဉ် ၃၉၀ နီးပါး အပါအဝင် ခရီးစဉ် ၈၀၀ နီးပါး ဖျက်သိမ်းထားတယ်လို့ တောင်ကိုရီးယား လေဆိပ်များ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ပြောပြီး အဓိကလေဆိပ်ကြီးတွေကိုလည်း ယာယီပိတ်ထားပါတယ်။

သြဂုတ် ၂၂ ရက် ညက ဂျယ်ဂျူးကျွန်းကို တိုင်ဖွန်းမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်ခဲ့တဲ့အတွက် လူတဦး ပျောက်ဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့ပြင် အိမ်ခြေ ၁၂,၀၀၀ လည်း လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပြည်ထဲရေးနဲ့ ဘေးကင်းလုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။

ခြောက်နှစ်အတွင်း ပထမဦးဆုံးအနေနဲ့ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်ဖို့ရှိတဲ့ တိုင်ဖွန်းမုန်တိုင်း ဆူးလီဟာ သြဂုတ် ၂၄ ရက် အစောပိုင်းမှာ ဆိုးလ်မြို့အနီးကို ဖြတ်သန်းမယ်လို့ ကိုရီးယား မိုးလေဝသဌာနက ပြောပါတယ်။

DVB