ရုရှားလက်အောက်က နယ်မြေတချို့ ယူကရိန်း ပြန်လည်သိမ်းပိုက်

ရုရှားသိမ်းပိုက်ထားတဲ့ ခါကိဗ်ဒေသ အနောက်မြောက်ပိုင်းက အိုင်ဇယွမ်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ပြန်သိမ်းနိုင်ခဲ့ပြီး ယူကရိန်းနိုင်ငံတော်အလံ လွှင့်ထူခဲ့တာကို တွေ့ရပါတယ်။ ရုရှားအလံကို ဖြုတ်ချပြီး ယူကရိန်း နိုင်ငံတော်အလံလွှင့်ထူနေတဲ့ ဗီဒီယိုကို ယူကရိန်းစစ်သားတွေက သူတို့ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခု ပြန်သိမ်းယူလိုက်တဲ့ အိုင်ဇယွမ်မြို့ဟာ ရုရှားရဲ့ မြောက်ပိုင်းမျက်နှာစာအတွက် ထောက်ပံ့ရေးနဲ့ စီမံခန့်ခွဲရေးမှာ အရေးပါတဲ့ အချက်အချာနေရာဖြစ်တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်း  ယူကရိန်း စစ်တပ်ဟာ ရုရှားသိမ်းယူထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ အလွန်ကြီးမားတဲ့တန်ပြန်ထိုးစစ်တစ်ခုကို လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ ရုရှားတပ်တွေ ဆုတ်ခွာသွားအောင်လုပ်နိုင်ခဲ့သလို ရုရှားတပ်တွေကျန်ခဲ့တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေလည်း အမြောက်အများ ရရှိလိုက်တယ်လို့ ဆိုပါတယ်။